×
သစ်လွင်မွတ်စ်လင်မ်တို့အတွက် လမ်းညွှန်ချက်အကျဉ်း။

သစ်လွင်မွတ်စ်လင်မ်တို့အတွက် လမ်းညွှန်ချက်အကျဉ်း။

စုစည်းတင်ပြသူ

မုဟမ္မဒ် အလ်ရှဟ်ရီး

၁၄၄၁ -၂၀၂၀

အနန္တကရုဏာတော်ရှင် ဖြစ်တော်မူသော အလွန်သနား ကြင်နာတော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့် (အစပြုပါ၏။)

စကားချီး

ချီးမွမ်းထောမနာပြုခြင်း အပေါင်းသည် အလ္လာဟ်အရှင်မြတ် အဖို့သာဖြစ်သည်။ ကျွန်တော်မျိုးတို့သည် ထိုအရှင်မြတ်အား ချီးမွမ်းထောမနာပြုပါသည်။ အရှင်မြတ်ထံတော်မှ အကူအညီတောင်းခံပါသည်။ အရှင်မြတ်ထံတော်တွင် ခွင့်လွှတ်ချမ်းသာခွင့် တောင်းခံပါသည်။ ကျွန်တော်မျိုးတို့သည် မိမိတို့၏ မကောင်းမှုများမှလည်းကောင်း၊ မိမိတို့လုပ်ရပ်များ၏ ဆိုးကျိုးများမှလည်းကောင်း အရှင်မြတ်ထံတော်တွင် ခိုလှုံခွင့်တောင်းခံပါသည်။ အလ္လာဟ်အရှင်မြတ်က လမ်းမှန်တရားချီးမြှင့်ထားသူအား လမ်းမှားအောင် လုပ်နိုင်မည့်သူဟူ၍ မရှိပေ။ ထို့ပြင် အရှင်မြတ်က လမ်းမှားစေသူကိုလည်း လမ်းမှန်တရား ချီးမြှင့်ပေးနိုင်သူဟူ၍ မရှိပေ။ တစ်ပါးတည်း တည်ရှိတော်မူသော၊ ဖက်စပ်ယှဉ်တွဲခြင်း ကင်းတော်မူသော အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်း ခံထိုက်သော အရှင်မရှိကြောင်းကို ကျွန်တော်မျိုးသက်သေခံအပ်ပါသည်။ ထို့ပြင် မုဟမ္မဒ်သည် ထိုအရှင်မြတ်၏ အစေတော်နှင့် ရစူလ်စေတမန်တော် ဖြစ်တော်မူကြောင်းကိုလည်း ကျွန်တော်မျိုး သက်သေခံအပ်ပါသည်။

ယင်းသို့ချီးမွမ်းထောမနာ မေတ္တာပို့သပြီးနောက် -

အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား ဂုဏ်သိက္ခာချီးမြှင့်တော်မူပြီး မိမိ၏ မြောက်မြားစွာသော အဖန်ဆင်းခံများအနက် ၎င်းတို့အားပို၍ မွန်မြတ်ထူးကဲစေတော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - (ဧကန်မလွဲ ငါအရှင်မြတ်သည် အာဒမ်၏သား သမီးများကို ဂုဏ်သိန်ထူးကဲ မြင့်မြတ်စေတော်မူခဲ့လေသည်။) စူရဟ် အစ္စရာအ် - (၁၇:၇၀) အလ္လာဟ်အရှင်မြတ်သည် ဤအွမ္မသ်သားတို့အား ဂုဏ်သိက္ခာ ပို၍ချီးမြှင့်တော်မူသောအားဖြင့် မိမိ၏နဗီတမန်တော်များအနက် အမွန်မြတ်ဆုံးဖြစ်သော မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ၎င်းတို့ထံ စေလွှတ်တော်မူခဲ့သည်။ မိမိ၏ကျမ်းဂန်များအနက် အမွန်မြတ်ဆုံးဖြစ်သော ကုရ်အာန် ကျမ်းတော်မြတ်ကို ၎င်းတို့အပေါ် ချပေးတော်မူခဲ့သည်။ ထို့ပြင် အလွန်ကြီးကျယ်လှသည့် အစ္စလာမ်သာသနာတော်ကိုလည်း ၎င်းတို့အတွက် နှစ်သက်သဘောတူကာ ပြဌာန်းတော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - ( (အို-မွတ်စ်လင်မ်အပေါင်းတို့) အသင်တို့သည် လူခပင်းတို့အဖို့ (တရားဓမ္မ ညွှန်ကြားရန်အလို့ငှာ) ထွက်ပေါ်လာကြကုန်သော အကောင်းဆုံးသော သာသနာဝင် လူစုပင်တည်း။ (အကြောင်းမူကား) အသင်တို့သည် ကောင်းမြတ်သော ကိစ္စများကို (ပြုလုပ်ကြရန်) ညွှန်ကြားကြသည့်ပြင် စက်ဆုပ် ရွံ့ရှာဘွယ်ရာများမှလည်း မြစ်တားကြကုန်၏။ ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ် ကိုလည်း ယုံကြည်ကြကုန်၏။ အကယ်၍သာ (အထက်) ကျမ်းဂန်ရရှိသူတို့ သည်လည်း (အသင်တို့ကဲ့သို့ပင်) ယုံကြည်ကြပါမူ၊ မုချ ယင်းသူတို့အဖို့ (ထိုယုံကြည်ခြင်းသည်) သာ၍ပင် ကောင်းချေသည်။ ယင်းသူတို့အနက်မှ (အချို့) ယုံကြည်သော သူများလည်း ရှိကြပေသည်။ သို့ရာတွင် ထိုသူများအနက် အများဆုံးသော သူများမှာမူကား အမိန့်တော်ကို မနာခံသူများ (ဝါ) (ကာဖိရ်များ) သာ ဖြစ်ကြပေသတည်း။) စူရဟ် အားလိအင်မ်ရာန် - (၃:၁၁၀) လူသားအပေါ် အလ္လာဟ်အရှင်မြတ်၏ ကြီးကျယ်လှသော ကျေးဇူးတော်တစ်ရပ်မှာ ၎င်းအား အစ္စလာမ်သာသနာကို ချီးမြှင့်တော်မူပြီး သာသနာပေါ်တွင် မြဲမြံစွာရပ်တည်နိုင်စွမ်း ချီးမြှင့်တော်မူကာ သာသနာ့ အမိန့်ပညတ်ချက်များနှင့် ဥပဒေများကို လိုက်နာကျင့်သုံးနိုင်စွမ်း ချီးမြှင့်တော်မူခြင်းအားဖြင့် ကျေးဇူးပြုထားခြင်းဖြစ်သည်။ အရွယ်အစားအားဖြင့် သေးငယ်သော ဤစာအုပ်တွင် ကြီးကျယ်သည့် အကြောင်းအရာများပါဝင်ပြီး သစ်လွင်မွတ်စ်လင်မ် တစ်ဦးအနေဖြင့် အစ္စလာမ်သာသနာကို လက်ခံလိုက်သည့် အစကနဦးပိုင်းတွင် မလွဲမသွေသိထားရမည့် အခြေခံအကြောင်းအရာများကို အကျဥ်းချုံ့နည်းလမ်းများဖြင့် လေ့လာသင်ယူနိုင်ပြီး ယင်းအချက်များက ၎င်းအား ကြီးကျယ်လှသည့် ဤသာသနာတော်၏ ဝိသေသ လက္ခဏာများကို ရှင်းလင်းသိစေမည်ဖြစ်သည်။ထိုအကြောင်းအရာများကို နားလည်သဘောပေါက်ပြီး ၎င်းတို့၏ တောင်းဆိုချက် အတိုင်း လိုက်နာကျင့်သုံးသည့်အခါ မိမိ၏ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အားလည်းကောင်း၊ မိမိ၏နဗီတမန်တော် မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အားလည်းကောင်း၊ မိမိ၏သာသနာ အစ္စလာမ်အားလည်းကောင်း ပိုမိုသိရှိနားလည်နိုင်ရန်အတွက် ဆက်လက် ပညာသင်ယူဆည်းပူးရမည်ဖြစ်သည်။ သို့မှသာ အလ္လာဟ်အရှင်မြတ်အား ခိုင်မာသည့် အထောက်အထား၊အသိပညာနှင့်တကွ ဆည်းကပ်ကိုးကွယ်နိုင်မည်ဖြစ်ပြီး မိမိ၏နှလုံးသားသည်လည်း တည်ငြိမ်အေးချမ်းလာမည်ဖြစ်သည်။ ထို့ပြင် ခဝပ်ကိုးကွယ်မှုပြုခြင်းနှင့် မိမိ၏နဗီတမန်တော် မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ လမ်းစဉ်များကိုလိုက်နာကျင့်သုံးခြင်းအားဖြင့် အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်မှုရရှိပြီး မိမိ၏အီမာန် ယုံကြည်မှုသည်လည်း တိုးတက်လာမည်ဖြစ်သည်။

ကျွန်တော်မျိုးသည် အလ္လာဟ်အရှင်မြတ်ထံတော်၌ ဤစာအုပ်၏ စကားလုံးတိုင်းတွင် ကောင်းချီးမင်္ဂလာ ချီးမြှင့်တော်မူရန်နှင့် ၎င်းအားဖြင့်အစ္စလာမ်နှင့် မွတ်စ်လင်မ်တို့အား အကျိုးဖြစ်ထွန်းစေရန် အတွက်လည်းကောင်း၊ ထို့ပြင် အရှင်မြတ်သည် ဤစာအုပ်အား မိမိနှစ်သက်သဘောတူညီမှု အတွက်သာ သီးသန့်ဖြစ်စေတော်မူပြီး ၎င်း၏ အကျိုးကုသိုလ်အား သက်ရှိထင်ရှားရှိနေသော မွတ်စ်လင်မ်များနှင့် ကွယ်လွန်သွားကြသော မွတ်စ်လင်မ်များ အားလုံးအပါ်တွင် ချီးမြှင့်ပေးသနားတော်မူရန် တောင်းခံအပ်ပါသည်။

ကျွန်ုပ်တို့၏ နဗီတမန်တော် မုဟမ္မဒ်အပေါ် သို့လည်းကောင်း၊ ကိုယ်တော်၏ အိမ်သူ အိမ်သားများနှင့် သာဝကတော်အားလုံးအပေါ်သို့ လည်းကောင်း အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ငြိမ်းချမ်းသာယာမှုနှင့် ကောင်းချီးမင်္ဂလာအဖြာဖြာ ကျရောက်ပါစေ။

မုဟမ္မဒ် ဗင်န် ရှိုင်ဗဟ် အလ်ရှဟ်ရီး

၂-၁၁-၁၄၄၁ ဟစ်ဂျရီ

ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်မှာ အလ္လာဟ်အရှင်မြတ်ဖြစ်၏။

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - (အို-လူသားအပေါင်းတို့၊ အသင်တို့သည် မိမိတို့အား မွေးမြူတော်မူထသော (အလ္လာဟ်အရှင်မြတ်)ကို ခဝပ်ကိုးကွယ်ကြကုန်။ ထိုအရှင်သည် အသင်တို့ကိုလည်းကောင်း၊ အသင်တို့အလျင် အထက်ထက် အဆက်ဆက်က ရှိခဲ့ဘူးသော ရှေးပဝေသဏီ လူဟောင်းများကို လည်းကောင်း၊ ဖန်ဆင်းတော်မူသော အရှင်ဖြစ်သည်။ ထိုသို့ ခဝပ်ကိုးကွယ်ကြမှသာလျှင် အသင်တို့သည် (ဒုစရိုက်မှုများကို) ကြဉ်ရှောင်သော သူတော်သူစင်များ ဖြစ်တန်ကြရာသတည်း။) စူရဟ် ဗကရဟ် - ( ၂:၂၁) အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - (ထိုအရှင်မြတ်သည်ပင် အကြင် အလ္လာဟ်အရှင်မြတ် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်မှ တစ်ပါး ခယရိုကျိုး ဆည်းကပ်ကိုးကွယ်ရာဟူ၍ အလျှင်းမရှိပြီ။) စူရဟ် ဟရှ်ရ် - ( ၅၉:၂၂) အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - (ထိုအရှင်မြတ်နှင့် တူသော အရာဟူ၍ကား မည်သည့် တစ်စုံတစ်ရာမျှပင် မရှိပြီ။ ထိုအရှင်မြတ်သည်ပင် အကြွင်းမဲ့ကြားတော်မူ သောအရှင်၊ မြင်တော်မူသောအရှင် ဖြစ်တော်မူ၏။) စူရဟ် ရှုရာ - (၄၂:၁၁)

အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်နှင့်တကွ အရာခပ်သိမ်းတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ စိုးပိုင်တော်မူသောအရှင်၊ ဖန်ဆင်းတော်မူသောအရှင်၊ စားနပ်ရိက္ခာ ချီးမြှင့်တော်မူသောအရှင်၊ အရာခပ်သိမ်းကို စီမံခန့်ခွဲတော်မူသောအရှင် ဖြစ်တော်မူ၏။

ထိုအရှင်မြတ် တစ်ပါးတည်းသာ ခဝပ်ကိုးကွယ်ခြင်းခံထိုက်သော အရှင်ဖြစ်တော်မူပြီး ထိုအရှင်မြတ်မှအပ အခြားဖန်ဆင်းမွေးမြူတော်မူသောအရှင်နှင့် ခဝပ်ကိုးကွယ်ခြင်း ခံထိုက်သောအရှင်ဟူ၍ အလျင်းမရှိပေ။

ထိုအရှင်မြတ်တွင် ကောင်းမြတ်သော နာမတော်များနှင့် ကြီးကျယ်မြင့်မြတ်လှသော ဂုဏ်တော်များရှိတော်မူပြီး ယင်းတို့အား အရှင်မြတ်ကိုယ်တော်တိုင်နှင့် အရှင်မြတ်၏ နဗီတမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)တို့က အတည်ပြုထားသည်။ ထိုနာမတော်၊ ဂုဏ်တော်များသည် ပြီးပြည့်စုံမှုနှင့် ကောင်းမြတ်မှုတို့တွင် အထွတ်အထိပ်၌ပင် ရှိသည်။ ထိုအရှင်မြတ်နှင့် တူသောအရာဟူ၍ မည်သည့် တစ်စုံတစ်ရာမျှပင်မရှိပေ။ ထိုအရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့ မြင်တော်မူသောအရှင်ဖြစ်တော်မူသည်။

ထိုအရှင်မြတ်၏ မွန်မြတ်လှသော နာမတော်အချို့မှာ -

အရ်ရဇ္ဇါက် (စားနပ်ရိက္ခာချီးမြှင့်တော်မူသောအရှင်)၊ အရ်ရဟ်မာန် (ခပ်သိမ်းတို့၏ အနန္တကရုဏာရှင်)၊ အလ်ကဒီးရ် (စွမ်းဆောင်နိုင်တော်မူသောအရှင်)၊ အလ်မလိက် (စိုးပိုင်တော်မူသောအရှင်)၊ အတ်စ်စမီးအ် (အကြွင်းမဲ့ကြားတော်မူသောအရှင်)၊ အတ်စ်စလာမ် (ငြိမ်းချမ်းမှုပေးသနားတော်မူသောအရှင်)၊ အလ်ဗဆွီးရ် (အကြွင်းမဲ့မြင်တွေ့တော်မူသောအရှင်)၊ အလ်ဝကီးလ် (မှီခိုအားထားခြင်း ခံထိုက်တော်မူသောအရှင်)၊ အလ်ခါလိက် (ဖန်ဆင်းတော်မူသောအရှင်)၊ အလ်လသွီးဖ် (နူးညံ့သိမ်မွေ့တော်မူသောအရှင်)၊ အလ်ကာဖီး (လုံလောက်တော်မူသောအရှင်)၊ အလ်ဂဖူးရ် (အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်)၊

အရ်ရဇ္ဇါက် - အဖန်ဆင်းခံတို့၏ စိတ်နှလုံးသားနှင့် ခန္ဓာကိုယ်အတွက် လိုအပ်သောစားနပ်ရိက္ခာများကို တာဝန်ယူထားသည့် အရှင်။

အရ်ရဟ်မာန် - ကြီးမားကျယ်ဝန်းလှသည့် မဟာကရုဏာတော်ဖြင့် အရာခပ် သိမ်းတို့ကို လွှမ်းခြုံထားတော်မူသောအရှင်။

အလ်ကဒီးရ် - ပင်ပန်းနွမ်းနယ်ခြင်း၊ မတတ်စွမ်းနိုင်ခြင်းတို့ အလျင်းမရှိဘဲ ပြည့်စုံသော စွမ်းအားရှိသည့်အရှင်။

အလ်မလိက် - အရှင်မြတ်သည် ကြီးကျယ်ခြင်း၊ နိုင်နင်းလွှမ်းမိုးခြင်း၊ စီမံခန့်ခွဲခြင်း စသည့်ဂုဏ်ပုဒ်များဖြင့် ဂုဏ်တော်မွမ်းခြင်းခံရပြီး၊ အရာခပ်သိမ်းအား စိုးပိုင်တော်မူကာ ၎င်းတို့အား မိမိအလိုရှိတော်မူသည့်အတိုင်း ပြုလုပ်နိုင်တော်မူသောအရှင်။

အတ်စ်စမီးအ် - အရာခပ်သိမ်းတို့၏ တီးတိုးသောအသံဖြစ်စေ၊ ကျယ်လောင်သည်ဖြစ်စေ ကြားတော်မူသောအရှင်။

အတ်စ်စလာမ် - လျော့နည်းမှု၊ ပျက်စီးမှု၊ ချို့ယွင်းမှု အလုံးစုံမှ ကင်းစင်တော်မူပြီး ငြိမ်းချမ်းမှုပေးသနားတော်မူသောအရှင်။

အလ်ဗဆွီးရ် - မည်မျှပင်သေးငယ်သည်ဖြစ်စေ အရာခပ်သိမ်းတို့အား မိမိ၏မြင်နိုင်စွမ်းဖြင့် လွှမ်းခြုံမြင်တွေ့တော်မူသောအရှင်၊ အရာခပ်သိမ်းတို့၏အတွင်း၊ အပြင်ကို အလွန်ပင် မြင်တွေ့တော်မူသောအရှင်။

အလ်ဝကီးလ် - မိမိအဖန်ဆင်းခံများ၏ ရိုဇီရိက္ခာကို တာဝန်ယူထားတော်မူသည့်အရှင်၊ ၎င်းတို့၏အကျိုးကို စီမံဆောင်ရွက်ပေးတော်မူသည့်အရှင်၊ မိမိ၏ အချစ်တော်များကို ထိန်းသိမ်းစောင့်ရှောက်တော်မူသည့်အရှင်၊ ၎င်းတို့အတွက် အရာရာတိုင်းကို လွယ်ကူစေတော်မူပြီး၊ အရေးကိစ္စတိုင်း၌ ၎င်းတို့အတွက် လုံလောက်တော်မူသည့်အရှင်။

အလ်ခါလိက် - အရာခပ်သိမ်းအား ဖန်းဆင်းတော်မူပြီး၊ ၎င်းတို့အား နမူနာမရှိဘဲ စတင်ဖြစ်ပေါ်စေတော်မူသည့်အရှင်။

အလ်လသွီးဖ် - မိမိ၏ကျွန်များကို ဂုဏ်သိက္ခာချီးမြှင့်သည့်အရှင်၊ ၎င်းတို့အပေါ် ကရုဏာထားတော်မူသည့်အရှင်၊ ၎င်းတို့၏ တောင်းဆိုချက်များကို ချီးမြှင့်တော်မူသည့်အရှင်။

အလ်ကာဖီး - မိမိကျွန်များ၏ လိုအပ်ချက်အလုံးစုံအား ဖြည့်ဆည်းရန် လုံလောက်တော်မူသည့်အရှင်၊ အရှင်မြတ်၏ ကူညီစောင်မမှုသည်သာ ပြည့်စုံလုံလောက်ပြီး အခြားမည်သူ၏ အကူအညီမျှမလိုအပ်ပေ။ ထို့အတူ အရှင်မြတ်မှအပ အခြားမည်သူကိုမျှလည်း မလိုအပ်ပေ။

အလ်ဂဖူးရ် - မိမိကျွန်များကို ၎င်းတို့အပြစ်အကုသိုလ်များ၏ ဆိုးကျိုးများမှ ကာကွယ်ပေးပြီး ထိုအကုသိုလ်များအပေါ် ၎င်းတို့အား ပြစ်ဒဏ်မပေးဘဲ ခွင့်လွှတ်တော်မူသည့်အရှင်။

မွတ်စ်လင်မ်တစ်ဦးသည် အလ္လာဟ်အရှင်မြတ်၏ အံ့မခန်း ဖန်ဆင်းမှုနှင့် အရှင်မြတ်က လွယ်ကူအဆင်ပြေအောင် စီမံထားခြင်းတို့ကို စဉ်းစားဆင်ခြင်ရန် လိုအပ်ပေသည်။၎င်းတို့အနက် တစ်ချက်မှာ အဖန်ဆင်းခံများသည် ၎င်းတို့၏ ငယ်ရွယ်သူများကို ကျွေးမွေးစောင့်ရှောက်ကာ ကိုယ့်ကိုယ် ကိုယ် အားထားနိုင်သည်အထိ ပြုစုစောင့်ရှောက်ကြခြင်းဖြစ်သည်။ ချို့တဲ့မှုအပေါင်းမှကင်းစင်တော်မူသော အရှင်မြတ်သည် ၎င်းတို့အား ဖန်ဆင်းတော်မူသည့်အရှင်နှင့် ၎င်းတို့အပေါ် သနားကရုဏာထားတော်မူသည့်အရှင်ဖြစ်တော်မူသည်။ အရှင်မြတ်၏ သနားကြင်နာမှုများအနက် တစ်ရပ်မှာ ၎င်းတို့အား ကြည့်ရှုစောင့်ရှောက်ရန်လိုအပ်မည့် အရာများကို စီမံဆောင်ရွက်ပေးထားခြင်းနှင့် ၎င်းတို့ လုံးဝ အင်အားမရှိသော်လည်း ၎င်းတို့၏ အခြေအနေကို ကောင်းမွန်အောင် ပြုလုပ်ပေးထားတော်မူခြင်းဖြစ်သည်။

ကျွန်ုပ်၏ နဗီတမန်တော်မှာ မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ဖြစ်၏။

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - (ဧကန်မလွဲ အသင်တို့အနက်မှပင် ရစူလ် တမန်တော်တစ်ပါးသည် အသင်တို့ထံ ရောက်ရှိလာခဲ့ချေပြီ။ အသင်တို့ တွေ့ကြုံရသော ဒုက္ခသည် ထိုရစူလ်တမန်တော်၏အပေါ်၌ အလွန်ဝန်လေးလှသည်။ (၎င်းပြင် ထိုရစူလ်တမန်တော်သည်) အသင်တို့နှင့် ပတ်သက်၍ ကောင်းရာကောင်းကြောင်းများကိုသာ အာသာဆန္ဒ ပြင်းပြစွာ တပ်မက်သူဖြစ်၏။ (ထိုမှတစ်ပါး) "မုအ်မင်န်" သက်ဝင်ယုံကြည်သူတို့နှင့် ပတ်သက်၍ အလွန်တရာ နူးညံ့သိမ်မွေ့သူ၊ အလွန်တရာ သနားကြင်နာသူတစ်ဦး (လည်း) ဖြစ်ချေသတည်း။) စူရဟ် သောင်ဗဟ် - (၉:၁၂၈) အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - (စင်စစ်သော်ကား (အို-နဗီတမန်တော်) ငါအရှင်မြတ်သည် အသင့်အား ကမ္ဘာခပ်သိမ်းတို့အဖို့ ကရုဏာတော်အဖြစ်နှင့်သာလျှင် စေလွှတ်တော်မူခဲ့ပေသည်။) စူရဟ် အန်ဗိယာအ် - (၂၁:၁၀၇)

မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ကရုဏာရှင် တမန်တော်ဖြစ်သည်။

မုဟမ္မဒ် ဗင်န် အဗ်ဒုလ္လာဟ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် နောက်ဆုံး နဗီတမန်တော်နှင့် ရစူလ်စေတမန်ဖြစ်တော်မူသည်။ အလ္လာဟ်အရှင်မြတ်သည် တမန်တော်မြတ်အား ကောင်းမှုများကို ညွှန်ကြားပြသရန်နှင့် မကောင်းမှုများမှ တားမြစ်ရန်အတွက် လူသားထုတစ်ရပ်လုံးဆီသို့ အစ္စလာမ်သာသနာနှင့်တကွ စေလွှတ်တော်မူခဲ့သည်။ ကောင်းမှုတို့အနက် အကြီးကျယ်ဆုံးမှာ သောင်ဟီးဒ်တရားတော် "အလ္လာဟ်အရှင်မြတ် တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ခြင်း" ဖြစ်ပြီး မကောင်းမှုတို့အနက် အကြီးဆုံးမှာ ရှိရ်က် "ဖက်စပ်ယှဉ်တွဲ ကိုးကွယ်ခြင်း" ဖြစ်သည်။

တမန်တော်မြတ် အမိန့်ပေးခဲ့သည့်အရာများကို နာခံရန်နှင့် သတင်းပေးခဲ့သည့်အကြောင်းအရာများကို ယုံကြည်ထောက်ခံရန် တာဝန်ရှိသည်။ ထို့အတူ တမန်တော်မြတ် သတိပေး တားမြစ်ခဲ့သည့်အရာများကို ရှောင်ကြဉ်ရန် တာဝန်ရှိသည်။ ၎င်းပြင် ကိုယ်တော်၏ရှရီအသ်တရားလမ်းစဥ်အတိုင်း အရှင်မြတ်အား ခဝပ်ကိုးကွယ်ရမည်။

တမန်တော်မြတ်၏ သတင်းစကားနှင့် ကိုယ်တော်မြတ်အလျင် ရှိခဲ့ကြသည့် နဗီတမန်တော်အားလုံး၏ သတင်းစကားများသည် တစ်ပါးတည်း တည်ရှိတော်မူသော ဖက်စပ်ယှဉ်တွဲမှုကင်းတော်မူသော အလ္လာဟ်အရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ကြရန် ဖိတ်ခေါ်ခြင်းပင်ဖြစ်သည်။

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ အရည်အချင်းများအနက် အချို့မှာ -

မှန်ကန်ဖြောင့်မတ်ခြင်း၊ ,ကရုဏာရှိခြင်း၊ ,ထောက်ထားညှာတာခြင်း၊,ကြံ့ခိုင်ခြင်း၊,ရဲစွမ်းသတ္တိရှိခြင်း၊,ရက်ရောခြင်း၊,စာရိတ္တကောင်းမွန်ခြင်း၊,တရားမျှတခြင်း၊,ကျိုးနွံခြင်း၊,ခွင့်လွှတ်ခြင်း။.

ကုရ်အာန် ကျမ်းမြတ်သည် ကျွန်ုပ်အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မုက္ခပါဌ်တော် ဖြစ်၏။

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - (အို- လူခပ်သိမ်းတို့၊ အသင်တို့အား မွေးမြူတော်မူသော အရှင်မြတ်၏အထံတော်မှ အသင်တို့ထံသို့ ခိုင်လုံသောသက်သေသာဓကတစ်ရပ် (ဖြစ်သော နဗီတမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဧကန်မလွဲ ရောက်ရှိလာခဲ့ချေပြီ။ ၎င်းပြင် ငါအရှင်မြတ်သည် အသင်တို့ထံသို့ ထင်ရှားလှစွာသော အလင်းရောင် (ဖြစ်သော ကုရ်အာန်ကျမ်းတော်မြတ်) ကိုလည်း ချပေးသနားတော်မူခဲ့ချေပြီ။) စူရဟ် နိစာအ် - (၄:၁၇၄)

ကုရ်အာန် ကျမ်းမြတ်သည် အလ္လာဟ်အရှင်မြတ်၏ မုက္ခပါဌ်တော်ဖြစ်သည်။ အရှင်မြတ်သည် လူသားတစ်ရပ်လုံးအား အမှောင်ထုအတွင်းမှ အလင်းရောင်သို့ ခေါ်ဆောင်လာရန်နှင့် ၎င်းတို့အား ဖြောင့်မတ်မှန်ကန်သည့် လမ်းမှန်တရားကို ညွှန်ကြားပြသပေးရန်အတွက် မိမိ၏ နဗီတမန်တော် မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အပေါ်သို့ ထိုကျမ်းမြတ်ကို ချပေးတော်မူခဲ့ခြင်းဖြစ်သည်။

ထိုကျမ်းတော်မြတ်ကို ဖတ်ရွတ်သူသည် ကြီးကျယ်သည့် အကျိုးကုသိုလ်ကိုရရှိမည်ဖြစ်ပြီး၊ ထိုကျမ်းတော်မြတ်၏ လမ်းညွှန်မှုအတိုင်း လိုက်နာကျင့်သုံးသူသည် မှန်ကန်ဖြောင့်မတ်သည့် လမ်းပေါ်တွင် လျှောက်လှမ်းသူဖြစ်မည်။

အစ္စလာမ့်မဏ္ဍိုင်ကြီးများကို ကျွန်တော်သင်ယူနေသည်။

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ - "အစ္စလာမ်သာသနာသည် မဏ္ဍိုင်ကြီး ငါးခုအပေါ်တွင် တည်ဆောက်ထားသည်။ (၁) အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံခြင်း၊ (၂) ဆွလာသ်ဆောက်တည်ခြင်း၊ (၃) ဇကာသ်ပေးခြင်း၊ (၄) ရမဿွာန်လတွင် ဆွိယာမ် ဥပုသ်စောင့်ထိန်းခြင်း၊ (၅) ကအ်ဗဟ် ကျောင်းတော်အား ဟဂ်ျပြုခြင်း တို့ဖြစ်သည်။"

အစ္စလာမ့်မဏ္ဍိုင်ကြီးများသည် မွတ်စ်လင်မ်တိုင်းအတွက် အရေးကြီးသည့် ခဝပ်ကိုးကွယ်မှုများဖြစ်သည်။ ထိုကဏ္ဍများသည် အရေးကြီးသည့်တာဝန်များဖြစ်ကြောင်း ယုံကြည်ချက်ထားခြင်းနှင့် ၎င်းတို့အားလုံးအပေါ် လိုက်နာကျင့်သုံးခြင်း မရှိပါက လူတစ်ဦး၏ အစ္စလာမ်သည် မှန်ကန်မည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် အစ္စလာမ်သာသနာသည် ၎င်းတို့အပေါ်တွင် အခြေခံကာ တည်ဆောက်ထားခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့်ပင် အစ္စလာမ့် မဏ္ဍိုင်ကြီးများဟု အမည်ပေးထားခြင်းဖြစ်သည်။

အစ္စလာမ့်မဏ္ဍိုင်ကြီးများမှာ အောက်ပါအတိုင်းဖြစ်သည်။

ပထမ မဏ္ဍိုင် - အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သော အရှင်မရှိ မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ဖြစ်ကြောင်း သက်သေခံခြင်း။

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - (သို့ဖြစ်ပေရာ (အို-နဗီတမန်တော်၊) အလ္လာဟ် အရှင်မြတ်မှတစ်ပါး ဆည်းကပ်ကိုးကွယ်ရာ အရှင်ဟူ၍ အလျှင်း မရှိကြောင်း ကောင်းစွာ သိရှိယုံကြည်ထား ပါလေ။) စူရဟ် မုဟမ္မဒ် - (၄၇:၁၉) အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - (ဧကန်မလွဲ အသင်တို့အနက်မှပင် ရစူလ် တမန်တော်တစ်ပါးသည် အသင်တို့ထံ ရောက်ရှိလာခဲ့ချေပြီ။ အသင်တို့ တွေ့ကြုံရသော ဒုက္ခသည် ထိုရစူလ်တမန်တော်၏အပေါ်၌ အလွန် ဝန်လေးလှသည်။ (၎င်းပြင် ထိုရစူလ်တမန်တော်သည်) အသင်တို့နှင့် ပတ်သက်၍ ကောင်းရာကောင်းကြောင်းများကိုသာ အာသာဆန္ဒ ပြင်းပြစွာ တပ်မက်သူဖြစ်၏။ (ထိုမှတစ်ပါး) "မုအ်မင်န်" သက်ဝင်ယုံကြည်သူတို့နှင့် ပတ်သက်၍ အလွန်တရာ နူးညံ့သိမ်မွေ့သူ၊ အလွန်တရာ သနားကြင်နာသူတစ်ဦး (လည်း) ဖြစ်ချေသတည်း။) စူရဟ် သောင်ဗဟ် - (၉:၁၂၈)

အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သော အရှင်မရှိကြောင်း သက်သေခံခြင်း၏ အလိုသဘောမှာ - အလ္လာဟ်အရှင်မြတ်မှလွဲ၍ စစ်မှန်သည့် ခဝပ်ကိုးကွယ်ခြင်းကိုခံယူထိုက်သည့် အရှင်မရှိ ဟူ၍ဖြစ်သည်။

မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ဖြစ်ကြောင်း သက်သေခံခြင်း၏ အလိုသဘောမှာ - တမန်တော်မြတ် အမိန့်ပေးသည့် အရာများကို ကိုနာခံပြီး၊ သတင်းပေးခဲ့သည့် အကြောင်းအရာများကို ယုံကြည်ထောက်ခံရမည်။ ထို့အတူ တမန်တော်မြတ် သတိပေးတားမြစ်ခဲ့သည့် အရာများမှ ရှောင်ကြဉ်ရမည်။ ၎င်းပြင် ကိုယ်တော်၏ရှရီအသ်တရားလမ်းစဥ်အတိုင်း အရှင်မြတ်အား ခဝပ်ကိုးကွယ်ရမည်။

ဒုတိယ မဏ္ဍိုင် - ဆွလာသ် ဆောက်တည်ခြင်း။

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - (ထိုမှတစ်ပါး အသင်တို့သည် "ဆွလာသ်" ဝတ်ပြုခြင်းကို အမြဲတစေ ဆောက်တည်ကြလေကုန်၊) စူရဟ် ဗကရဟ် - ( ၂:၁၁၀)

ဆွလာသ်ဆောက်တည်ခြင်းဆိုသည်မှာ အလ္လာဟ်အရှင်မြတ်ပြဌာန်းချက်နှင့်အညီ အရှင်မြတ်၏ ရစူလ်တမန်တော် မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ကျွန်တော်တို့အား သင်ကြားပို့ချခဲ့သည့် နည်းစနစ်အတိုင်း အကောင်အထည်ဖော်ခြင်းဖြစ်သည်။

တတိယ မဏ္ဍိုင် - ဇကာသ်ပေးခြင်း။

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - (၎င်းပြင် အသင်တို့သည် "ဇကာတ်" တရားဝင် ဒါနကြေးများကို ပေးဆောင်ကြလေကုန်။) စူရဟ် ဗကရဟ် - ( ၂:၁၁၀)

အလ္လာဟ်အရှင်မြတ်သည် မွတ်စ်လင်မ်တို့၏ သက်ဝင်ယုံကြည်ခြင်း မှန်ကန်မှုကိုစမ်းသပ်ရန်၊ ၎င်းတို့အားချီးမြှင့်ထားသည့် ဥစ္စာပစ္စည်းအပေါ် မိမိ၏အရှင်မြတ်အား ကျေးဇူးသိတတ်ရန်နှင့် ဆင်းရဲသားများနှင့် လိုအပ်ချက်ရှိသူများအား ကူညီရန်အတွက် ဇကာသ်ကို (ဖရ်ဿ်ွ) မပြုမနေရတာဝန်အဖြစ် ပြဌာန်းတော်မူခဲ့သည်။

ဇကာသ်ပေးခြင်းဟူသည် ၎င်းဇကာသ်အား ရယူပိုင်ခွင့်ရှိသူများကို ပေးခြင်းဖြစ်သည်။

ငွေကြေး၊ဥစ္စာပစ္စည်းတို့သည် သတ်မှတ်ထားသည့် အတိုင်းအတာသို့ ရောက်ရှိသွားပါက ၎င်းတို့အပေါ် ဇကာသ်ပေးရန် (ဖရ်ဿ်ွ) မပြုမနေရ တာဝန်ဖြစ်သည်။ ဇကာသ်အား ကုရ်အာန်ကျမ်းမြတ်၌ အလ္လာဟ်အရှင်မြတ် ဖော်ပြထားသောအုပ်စု (၈)မျိုးကို ပေးရခြင်းဖြစ်ပြီး ၎င်းတို့ထဲတွင် ဆင်းရဲသားများနှင့် ပစ္စည်းမဲ့ကျောမွဲများပါဝင်သည်။

ဇကာသ်ပေးခြင်းသည် ကရုဏာတရားနှင့် သနားကြင်နာမှု၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ဇကာသ်သည် မွတ်စ်လင်မ်တို့၏ ကိုယ်ကျင့်တရားနှင့် ငွေကြေးဥစ္စာတို့အား စင်ကြယ်စေပြီး၊ ဆင်းရဲသားများနှင့် ပစ္စည်းမဲ့ကျောမွဲတို့၏ စိတ်နှလုံးသားကို ကျေနပ်နှစ်သိမ့်စေကာ မွတ်စ်လင်မ် လူ့အဖွဲ့အစည်းတွင်းရှိသူများကြား၌ ချစ်ခင်မှုနှင့် ညီနောင်စိတ်ဓာတ် နှောင်ကြိုးကိုလည်း ခိုင်မာအားကောင်းစေသည်။ ထို့ကြောင့် မွတ်စ်လင်မ်ကောင်းတစ်ဦးသည် ဇကာသ်ကို ကျေနပ်ဝမ်းမြောက်စွာပေးဆောင်ရမည်။ ထိုသို့ပေးခြင်းဖြင့် အခြားသူများကို ပျော်ရွှင်ဝမ်းမြောက်စေသောကြောင့် ၎င်းကိုယ်တိုင်လည်း ဝမ်းသာပျော်ရွှင်မှုရရှိမည်ဖြစ် သည်။

ဥစ္စာပစ္စည်းတို့အတွက် ဇကာသ် ပေးရမည့် အတိုင်းအတာမှာ စုဆောင်းထားသည့် ရွှေ၊ ငွေ၊ ငွေကြေးနှင့် အမြတ်အစွန်းရရန်အတွက် အရောင်း အဝယ်လုပ်သည့် ကုန်ပစ္စည်းများအတွက် ၂.၅% ဖြစ်သည်။ ယင်းငွေကြေးဥစ္စာပစ္စည်းတို့၏တန်ဖိုးသည် သတ်မှတ်ထားသည့် ပမာဏသို့ရောက်ရှိပြီး၊ ပိုင်ဆိုင်မှုသည် လည်း(အစ္စလာမ့် ဟစ်ဂျရီခုနှစ်အရ) တစ်နှစ်ပြည့်သွားပါက ဇကာသ် ပေးဆောင်ရမည်ဖြစ်သည်။

ထို့အတူ (ကုလားအုတ်၊နွား၊သိုး၊ဆိတ်) စသည့် တိရစ္ဆာန်များသည် ပိုင်ရှင်က အစာကျွေးမွေးရခြင်းမရှိဘဲ တစ်နှစ်တာ၏ အချိန်အများစုတွင် စားကျက်မြေမှ မြက်ကိုစားခြင်းဖြစ်ပါက ၎င်းတို့အား သတ်မှတ်ထားသည့် အရေအတွက်ပိုင်ဆိုင်သူသည် ဇကာသ်ပေးဆောင်ရန် တာဝန်ရှိသည်။

ထို့အတူ မြေမှထွက်သည့် ကောက်ပဲသီးနှံများ၊ သစ်သီးဝလံများ၊ တွင်းထွက်ပစ္စည်းများ၊ တူးဖော်ရရှိသည့် ရွှေငွေရတနာတို့သည်လည်း သတ်မှတ်ထားသည့် ပမာဏသို့ရောက်ရှိပါက ဇကာသ်ပေးဆောင်ရမည်။

စတုတ္ထ မဏ္ဍိုင် - ရမဿွာန်လတွင် ဆွိယာမ် ဥပုသ်စောင့်ထိန်းခြင်း။

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - (အို-မုအ်မင်န် ယုံကြည်ခြင်းသဒ္ဒါတရား ရှိကြကုန်သောသူအပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ထက် အလျင်ရှိခဲ့ကြသော သူတို့အပေါ်ဝယ် ဥပုသ် သီတင်းဆောက်တည်ရန် ပညတ်တော်ကို ပြဋ္ဌာန်းတော်မူသကဲ့သို့ပင် အသင်တို့အပေါ်၌လည်း ဥပုသ်သီတင်းဆောက်တည်ရန် အမိန့်တော်ကို ပြဋ္ဌာန်း အတည်ပြုတော်မူခဲ့လေပြီ။ သို့ (ဥပုသ်သီတင်းဆောက်တည်) မှသာလျှင် အသင်တို့သည် ပြစ်မှု ဒုစရိုက်တို့မှ ကြဉ်ရှောင်သူများ ဖြစ်တန်ကြရာ၏။) စူရဟ် ဗကရဟ် - ( ၂:၁၁၀)

ရမဿွာန်လသည် ဟစ်ဂျရီ (အစ္စလာမ့်)ပြက္ခဒိန်၏ နဝမမြောက်လ ဖြစ်သည်။ ထိုလသည် မွတ်စ်လင်မ်တို့ထံတွင် မွန်မြတ်သည့် လဖြစ်ပြီး ၎င်းကိုတစ်နှစ်တာ၏ အခြားလများထက် အထူးအလေးထားကြသည်။ ရမဿွာန်တစ်လလုံး ဆွိယာမ် (ဥပုသ်)စောင့်ထိန်းခြင်းသည် အစ္စလာမ့်မဏ္ဍိုင်ကြီး ငါးခုအနက်မှ တစ်ခုဖြစ်သည်။

ရမဿွာန်လ၌ ဆွိယာမ် ဥပုသ်စောင့်ထိန်းခြင်းဟူသည် မင်္ဂလာရှိသည့် ရမဿွာန်လမြတ်၏ နေ့တိုင်းတွင် နံနက် အရုဏ်တက်ချိန်မှ ညနေ နေဝင်ချိန်ထိ စားခြင်း၊သောက်ခြင်း၊ မေထုန်မှီဝဲခြင်းနှင့် ဥပုသ်ပျက်စေသည့် အခြားကိစ္စရပ်များကို ရှောင်ကြဉ်ခြင်းဖြင့် အလ္လာဟ်အရှင်မြတ်အား ခဝပ်ကိုးကွယ်ခြင်းကို ခေါ်ဆိုသည်။

ပဉ္စမ မဏ္ဍိုင် - အလ္လာဟ်အရှင်မြတ်၏ အိမ်တော်အား ဟဂ်ျပြုခြင်း။

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - (အကြင်သူသည် ထိုအိမ်တော်သို့အရောက်ခရီးသွားရန် တတ်စွမ်းနိုင်ခဲ့ပါလျှင်၊ အလ္လာဟ်အရှင်မြတ်(နှစ်သက်တော်မူရန်)အတွက် ထိုအိမ်တော်သို့သွားရောက်ဟဂျ်ပြုရန် (ထိုသူ့အပေါ်၌)တာဝန်ရှိပေသည်။) စူရဟ် အားလိအင်မ်ရာန် - (၃:၉၇) ကအ်ဗဟ် ကျောင်းတော်သို့ သွားရောက်ရန် တတ်စွမ်းနိုင်သူအတွက် တစ်သက်တွင် တစ်ကြိမ် သွားရောက် ဟဂ်ျပြုရန် တာဝန်ရှိသည်။ ဟဂ်ျဟူသည် မြင့်မြတ်သော ကအ်ဗဟ်ကျောင်းတော်နှင့် မက္ကဟ်မြို့တော်ရှိ မွန်မြတ်လှသည့် နေရာများသို့ သွားရောက်ကာ သတ်မှတ်ထားသည့် အချိန်၌ သတ်မှတ်ထားသည့် ခဝပ်ကိုးကွယ်မှုများကို ဆောင်ရွက်ခြင်းဖြစ်သည်။တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)နှင့် တမန်တော်မြတ် အလျင်ရှိခဲ့ကြသော နဗီတမန်တော်များသည်လည်း ဟဂ်ျပြုခဲ့ကြသည်။ အလ္လာဟ်အရှင်မြတ်သည် အိဗ်ရာဟီးမ် (အလိုင်ဟိစ္စလာမ်)အား လူတို့အား ဟဂ်ျပြုလုပ်ရန်အတွက် ဖိတ်ခေါ်ရန် အမိန့်ပေးတော်မူခဲ့သည်။ ထိုအကြောင်းကို အလ္လာဟ်အရှင်မြတ်က ကုရ်အာန်ကျမ်းမြတ်တွင် မိန့်ကြားထားသည်မှာ - (၎င်းပြင် အသင်သည် လူခပ်သိမ်းတို့အား (ထူးမြတ်လှစွာသော ယင်းအိမ်တော်သို့ လာရောက်ဖူးမြော်)ဟဂျ်ပြုကြရန် ကြေညာ(ဖိတ်ခေါ်)ပါလေ။ (ထိုအခါ)လူတို့သည် အလွန်ဝေးလံသော လမ်းခရီးတိုင်းမှ ခြေကျင်လည်းကောင်း၊ ကျုံလှီပိန်ချုံးသော ကုလားအုတ်အသီးသီးပေါ်၌ စီးနင်း၍လည်းကောင်း၊ အသင့်ထံသို့ လာရောက်ကြပေမည်။) စူရဟ် ဟဂျ် - (၂၂:၂၇)

အီမာန်(သက်ဝင်ယုံကြည်မှု)၏ မဏ္ဍိုင်ကြီးများကို ကျွန်တော်သင်ယူနေသည်။

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အီမာန်နှင့်ပတ်သက်၍ မေးမြန်းခြင်းခံရသည့်အခါ ဖြေကြားတော်မူသည်မှာ - "အီမာန်ဟူသည် သင့်အနေဖြင့် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ကောင်းကင်တမန်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ကျမ်းဂန်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်များကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏သက္ကဒီရ် အကောင်း၊ အဆိုးသတ်မှတ်ချက်ကိုလည်းကောင်း သက်ဝင်ယုံကြည်ခြင်းတို့ဖြစ်သည်။" အီမာန်၏မဏ္ဍိုင်များသည် မွတ်စ်လင်မ်တိုင်းအတွက် မရှိမဖြစ်လိုအပ်သော နှလုံးသားဖြင့်ကျင့်ဆောင်ရသည့် ခဝပ်ကိုးကွယ်မှုများ ဖြစ်သည်။ ထိုမဏ္ဍိုင်များကို သက်ဝင်ယုံကြည်မှုမရှိဘဲ လူတစ်ဦး၏အစ္စလာမ်သည် မှန်ကန်မည်မဟုတ်ပါ။ ထို့ကြောင့်ပင် ၎င်းတို့အား အီမာန်၏မဏ္ဍိုင်များ ဟုခေါ်ဆိုရခြင်းဖြစ်သည်။ အီမာန်၏ မဏ္ဍိုင်များနှင့် အစ္စလာမ်၏ မဏ္ဍိုင်များကြား၌ ခြားနားချက်မှာ - အစ္စလာမ်၏ မဏ္ဍိုင်များသည် အပြင်ပိုင်းဆိုင်ရာ ကျင့်ဆောင်မှုများဖြစ်ပြီး လူသားသည်မိမိ၏ခန္ဓာကိုယ် အစိတ်အပိုင်းများဖြင့် ဆောင်ရွက်ရသည်။ ဥပမာ - (ရှဟာဒဟ်)သက်သေခံခြင်းနှစ်ခုအား နှုတ်ဖြင့် ထွက်ဆိုခြင်း၊ ဆွလာသ်ဆောက်တည်ခြင်း၊ ဇကာသ်ပေးခြင်း စသည်တို့ဖြစ်သည်။ အီမာန်၏မဏ္ဍိုင်များသည် နှလုံးသား၏ ကျင့်ဆောင်မှုများဖြစ်ပြီး လူသားသည် မိမိ၏စိတ်နှလုံးသားဖြင့် ဆောင်ရွက်ရသည်။ ဥပမာ - အလ္လာဟ်အရှင်မြတ်ကို လည်းကောင်း၊ ထိုအရှင်မြတ်၏ ကျမ်းဂန်များကို လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်များကို လည်းကောင်း သက်ဝင်ယုံကြည်ခြင်း စသည်တို့ဖြစ်သည်။

အီမာန်၏ အလိုသဘောနှင့် အဓိပ္ပါယ်မှာ - အလ္လာဟ်အရှင်မြတ်ကို လည်းကောင်း၊ ထိုအရှင်မြတ်၏ ကောင်းကင်တမန်များကို လည်းကောင်း၊ ထိုအရှင်မြတ်၏ ကျမ်းဂန်များကို လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်များကို လည်းကောင်း၊ နောက်ဆုံးနေ့ကို လည်းကောင်း၊ ထိုအရှင်မြတ်၏သက္ကဒီရ် အကောင်း၊ အဆိုး သတ်မှတ်ချက်ကိုလည်းကောင်း နှလုံးသားဖြင့် ခိုင်မာစွာယုံကြည်ထောက်ခံခြင်းနှင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ယူဆောင်လာသည့် အရာတိုင်းအား လိုက်နာကျင့်သုံးခြင်းပင်ဖြစ်သည်။ ထိုသို့လိုက်နာကျင့်သုံးရာတွင် နှုတ်လျှာဖြင့် အကောင်အထည်ဖော်ခြင်း၊ ဥပမာ- "လာအိလာဟအိလ္လလ္လာဟ်" ရွတ်ဆိုခြင်း၊ ကုရ်အာန်ကျမ်းမြတ် ရွတ်ဖတ်ခြင်း၊ အရှင်မြတ်၏ စင်ကြယ်သန့်ရှင်းမှုကို မြွက်ဆိုခြင်း၊ အရှင်မြတ်အား ချီးမွမ်းထောမနာပြုခြင်း။

ခန္ဓာကိုယ်အစိတ်အပိုင်းများဖြင့် အကောင်အထည်ဖော်ခြင်း၊ ဥပမာ - ဆွလာသ်ဆောက်တည်ခြင်း ၊ဟဂ်ျပြုခြင်း၊ ဆွိယာမ်ဆောင့်ထိန်းခြင်း။ နှလုံးသားနှင့်သက်ဆိုင်သည့် အတွင်းအစိတ်အပိုင်းများဖြင့်အကောင်အထည်ဖော်ခြင်း၊ ဥပမာ - အလ္လာဟ်အရှင်မြတ်အား ချစ်ခြင်း၊ ကြောက်ရွံ့ခြင်း၊ အရှင်မြတ်အပေါ် ယုံပုံအားကိုးခြင်း၊ အရှင်မြတ်အတွက်သာ သီးသန့်ဆောင်ရွက်ခြင်း စသည်တို့ဖြစ်သည်။

သာသနာ့ ပညာရှင်များက အီမာန်ယုံကြည်မှုအား အကျဉ်းအားဖြင့် အနက်ဖွင့်ဆိုထားကြသည်မှာ - အီမာန်ဟူသည် နှလုံးသားဖြင့် သက်ဝင်ယုံကြည်ခြင်း၊ နှုတ်ဖြင့်ဝန်ခံပြောဆိုခြင်း၊ ခန္ဓာကိုယ် အစိတ်အပိုင်းများဖြင့် လက်တွေ့လုပ်ဆောင်ခြင်းတို့ဖြစ်သည်။ အီမာန်သည် အမိန့်နာခံမှုဖြင့် တိုးပွားလာပြီး၊ အမိန့်ဖီဆန်မှုဖြင့် လျော့နည်းသွားသည်။

ပထမ မဏ္ဍိုင် - အလ္လာဟ်အရှင်မြတ်ကို အီမာန် သက်ဝင်ယုံကြည်ခြင်း။

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - (အကြင်သူတို့သည်သာလျှင် "မုအ်မင်န်" သက်ဝင်ယုံကြည်သူများ ဖြစ်ကြကုန်၏။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ သက်ဝင်ယုံကြည်ခဲ့ကြသည်။) စူရဟ် နူရ် - (၂၄:၆၂)

အလ္လာဟ်အရှင်မြတ်အား အီမာန်သက်ဝင်ယုံကြည်ခြင်းတွင် အရှင်မြတ်သည် စကြဝဠာအလုံးစုံကို ဖန်ဆင်းမွေးမြူပြုစုပျိုးထောင်ရာတွင်လည်းကောင်း၊ ခဝပ်ကိုးကွယ်ခြင်းခံထိုက်ရာတွင်လည်းကောင်း၊ မြင့်မြတ်သော နာမတော် ဂုဏ်တော်များကို ပိုင်ဆိုင်ရာတွင်လည်းကောင်း တစ်ပါးတည်းဖြစ်တော်မူကြောင်းသက်ဝင်ယုံကြည်ရမည်။ ထိုယုံကြည်ချက်တွင် အောက်ပါအချက်များပါဝင်သည် -

အလ္လာဟ်အရှင်မြတ် တည်ရှိတော်မူကြောင်း သက်ဝင်ယုံကြည်ခြင်း။

အရှင်မြတ်၏ ဖန်ဆင်းမွေးမြူတော်မူခြင်းအား ယုံကြည်ခြင်း။ အရှင်မြတ်သည် အရာခပ်သိမ်းကို စိုးပိုင်တော်မူသောအရှင်၊ ဖန်ဆင်းတော်မူသောအရှင်၊ ရိုဇီရိက္ခာ ချီးမြှင့်တော်မူသောအရှင်၊ အရေးကိစ္စဝဝကို စီမံခန့်ခွဲတော်မူသောအရှင်ဖြစ်ကြောင်း သက်ဝင်ယုံကြည်ခြင်း။

ထိုအရှင်မြတ်သာလျင် ခဝပ်ကိုးကွယ်ခြင်းခံထိုက်တော်မူကြောင်းကို ယုံကြည်ခြင်း။ ခဝပ်ကိုးကွယ်မှုများ ဖြစ်သည့် ဆွလာသ်၊ဒုအာဆုတောင်းခြင်း၊ ကိုးခြင်း၊ သားကောင်လှီးဖြတ်ခြင်း၊ အကူအညီတောင်းခြင်း၊ ခိုလှုံခွင့်တောင်းခံခြင်းတို့အပြင် အလုံးစုံသော ခဝပ်ကိုးကွယ်မှုတို့ကို ခံယူထိုက်ရာတွင်လည်း ထိုအရှင်မြတ်သည် တစ်ပါးတည်းဖြစ်တော်မူပြီး ဖက်စပ်ယှဉ်တွဲမှုမှ ကင်းစင်တော်မူကြောင်း သက်ဝင်ယုံကြည်ခြင်း။

ထိုအရှင်မြတ်ကဖြစ်စေ၊ ထိုအရှင်မြတ်၏ နဗီတမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ဖြစ်စေ အတည်ပြုတင်ပြထားသောအရှင်မြတ်၏ မွန်မြတ်သော နာမတော်များနှင့် မြင့်မြတ်သော ဂုဏ်တော်များကို သက်ဝင်ယုံကြည်ခြင်း။ ၎င်းပြင် ထိုအရှင်မြတ်က ဖြစ်စေ၊ ထိုအရှင်မြတ်၏ နဗီတမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ဖြစ်စေ၊ အရှင်မြတ်အတွက် ငြင်းပယ်ထားသောအရာများကို ငြင်းပယ်ရမည်။ အရှင်မြတ်၏ နာမတော် ဂုဏ်တော်များသည် ပြည့်စုံမှုနှင့် လှပကောင်းမြတ်မှုတို့တွင် အဆုံးစွန်ပင်ဖြစ်သည်။ ထိုအရှင်မြတ်နှင့် တူသော အရာဟူ၍ မည်သည့် တစ်စုံတစ်ရာမျှပင် မရှိပေ။ ထိုအရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ မြင်တော်မူသောအရှင် ဖြစ်တော်မူသည်။

ဒုတိယ မဏ္ဍိုင်- ကောင်းကင်တမန်များကို အီမာန် သက်ဝင်ယုံကြည်ခြင်း။

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - (ချီးမွမ်းထောပနာ အပေါင်းတို့သည် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ စတင်ဖန်ဆင်းတော်မူသော၊ အတောင်ပံ နှစ်ခုစီ၊ သုံးခုစီ၊ လေးခုစီရှိသော "မလာအိကဟ်" ကောင်းကင်တမန်တို့အား စေတမန်များအဖြစ် ခန့်အပ်တော်မူသော အလ္လာဟ်အရှင်မြတ်နှင့်သာထိုက်သင့်၏။ ထိုအရှင်မြတ်သည် ဖန်ဆင်းမှု၌ မိမိအလိုရှိတော်မူသည့်အရာကို တိုးပွားများပြား ပိုမိုစေတော်မူ၏။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။) စူရဟ် ဖာတွိရ် - (၃၅:၁)

ကောင်းကင်တမန်များသည် အကွယ်လောကတွင်ရှိကြပြီး ၎င်းတို့သည် အလင်းရောင်ဖြင့် ဖန်းဆင်းခြင်းခံရသော အလ္လာဟ်အရှင်မြတ်၏ ကျွန်များဖြစ်ကြသည်။ အရှင်မြတ်သည် ၎င်းတို့အား မိမိကိုကျိုးနွံနာခံကြသူများအဖြစ် ပြုလုပ်ထားကြောင်းကို ကျွန်တော်တို့ သက်ဝင်ယုံကြည်ကြပါသည်။

၎င်းတို့သည် ကြီးကျယ်လှသည့် အဖန်ဆင်းခံများဖြစ်ကြပြီး ၎င်းတို့၏ အင်အားနှင့် အရေအတွက်ကို အလ္လာဟ်အရှင်မြတ်မှလွဲ၍ မည်သူမျှ မသိနိုင်ပေ။ ၎င်းတို့အသီးသီးတွင် အလ္လာဟ်အရှင်မြတ်က သီးသန့်ပေးအပ်ထားသော အရည်အချင်းများ၊ အမည်များနှင့် တာဝန်များရှိကြသည်။ ၎င်းတို့ထဲတွင် အလ္လာဟ်အရှင်မြတ်၏ ဝဟီဗျာဒိတ်တော်များကို ထိုအရှင်မြတ်၏ ရစူလ်တမန်တော်များထံသို့ ပို့ချရန် တာဝန်ပေးအပ်ခြင်းခံရသော ဂျိဗ်ရီလ် (အလိုင်ဟိစ္စလာမ်)လည်းပါဝင်သည်။

တတိယ မဏ္ဍိုင် - ကျမ်းဂန်များကို အီမာန် သက်ဝင်ယုံကြည်ခြင်း။

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - ((အို-မွတ်စ်လင်မ်အပေါင်းတို့) အသင်တို့သည် ဤသို့ပြောဆိုကြကုန်လော့၊ အကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ အကျွန်ုပ်တို့ထံပို့ချ သော ဓမ္မဒေသနာ (ကုရ်အာန်ကျမ်းမြတ်) ကို လည်းကောင်း၊ နဗီတမန်တော် အိဗ်ရာဟီးမ်၊ နဗီတမန်တော် အစ္စမာအီလ်၊ နဗီတမန်တော် အစ္စဟာက်၊ နဗီတမန်တော် ယအ်ကူဗ်နှင့် နဗီတမန်တော် ယအ်ကူဗ်၏ အမျိုးအနွယ် သားမြေးတို့ထံ ထုတ်ပြန်ပို့ချသော တရားဒေသနာတော်များကိုလည်းကောင်း၊ ယုံကြည်ကြပါသည်။ ထို့ပြင် နဗီတမန်တော် မူစာနှင့် နဗီတမန်တော် အီစာတို့အား ပေးသနားတော်မူခြင်းခံရသော တရားဓမ္မများကိုလည်း ယုံကြည်ကြပါပြီ။ ထို့ပြင် အကျွန်ုပ်တို့သည် နဗီတမန်တော်အပေါင်းတို့ထံသို့ ထိုနဗီတမန်တော်များကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်၏အထံတော်မှ ပေးသနားတော်မူခြင်း ခံရကုန်သော ဒေသနာတော်များကိုလည်း ယုံကြည်ကြပါပြီ။ (ထိုသို့ယုံကြည်ရာ၌) အကျွန်ုပ်တို့သည် ထိုနဗီတမန်တော်အပေါင်းတို့အနက်မှ နဗီတမန်တော် တစ်ပါးကို အခြား နဗီတမန်တော်တစ်ပါးနှင့် လုံးဝ ခွဲခြားခြင်းလည်း မပြုကြပါ၊ အမှန်သော်ကား အကျွန်ုပ်တို့သည် ထိုအလ္လာဟ်အရှင်မြတ်၏ ဒေသနာတော်ကို သာလျှင် လိုက်နာသူများပင် ဖြစ်ကြပါသည်။) စူရဟ် ဗကရဟ် - (၂:၁၃၆)

ကောင်းကင်ကျ ကျမ်းဂန်အားလုံးသည် အလ္လာဟ်အရှင်မြတ်၏ မုက္ခပါဌ်တော်များဖြစ်ကြောင်း ခိုင်မာစွာ ယုံကြည်ထောက်ခံရမည်။

၎င်းကျမ်းဂန်များသည် အလ္လာဟ်အရှင်မြတ်ထံတော်မှ မိမိ၏ ကျွန်များဆီသို့ ပို့ချရန်အတွက် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်များပေါ်သို့ ထင်ရှားသည့် အမှန်တရားနှင့်တကွ ချပေးခဲ့ခြင်းခံရသည့် ကျမ်းဂန်များဖြစ်သည်။

ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ နဗီတမန်တော် မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား လူသားထုတစ်ရပ်လုံးဆီသို့ စေလွှတ်တော်မူပြီး ၎င်း၏ (ရှရီအဟ်) တရားလမ်းစဉ်ဖြင့် လွန်လေပြီးသော တရားလမ်းစဉ်အားလုံးကို ဖျက်သိမ်းတော်မူခဲ့သည်။ ထို့အတူ ကုရ်အာန်ကျမ်းမြတ်ကိုလည်း အခြားကောင်းကင်ကျ ကျမ်းများအားလုံးအပေါ် လွှမ်းမိုးပယ်ဖျက်သည့် ကျမ်းအဖြစ်သတ်မှတ်တော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်သည် ကုရ်အာန်ကျမ်းမြတ်ကို မည်သည့်ပြောင်းလဲခြင်းမျှ မဖြစ်ပေါ်အောင် ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ယူထားတော်မူသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - (ဧကန်စင်စစ် ငါအရှင်မြတ်သည်ပင်လျှင်(ဤ)ဆုံးမဩဝါဒ(တည်းဟူသောကုရ်အာန်ကျမ်းတော်မြတ်)ကို ချပေးသနားတော်မူခဲ့လေသည်။ ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည်ပင်လျှင် ယင်းဆုံးမဩဝါဒကို ထိန်းသိမ်းစောင့်ရှောက်တော်မူမည့် အရှင်မြတ် ဖြစ်တော်မူပေသတည်း။) စူရဟ် ဟိဂျ်ရ် - (၁၅:၉) အဘယ်ကြောင့်ဆိုသော် ကုရ်အာန်ကျမ်းမြတ်သည် လူသားတို့အတွက် အလ္လာဟ်အရှင်မြတ်၏ နောက်ဆုံးကျမ်းတော်ဖြစ်တော်မူပြီး၊ တမန်တော် မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် နောက်ဆုံးရစူလ်တမန်တော်ဖြစ်တော်မူသည်။ ထို့အတူ အစ္စလာမ်သာသနာသည်လည်း ကိယာမသ် ကမ္ဘာပျက်မည့်နေ့တိုင်အောင် လူသားတို့အတွက် အလ္လာဟ်အရှင်မြတ်က နှစ်သက်သဘောတူထားသည့် သာသနာဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - (မချွတ်ဧကန် အလ္လာဟ်အရှင်မြတ်အထံတော်၌ (နှစ်မြို့တော်မူပြီးဖြစ်သော) "ဒီန်" သာသနာမှာ မူကား အစ္စလာမ် သာသနာတော်ပင်တည်း။) စူရဟ် အားလိအင်မ်ရာန် - (၃:၁၉)

အလ္လာဟ်အရှင်မြတ်က ကုရ်အာန်ကျမ်းမြတ်၌ ဖော်ပြထားသည့် ကောင်းကင်ကျ ကျမ်းများမှာ -

ကုရ်အာန်ကျမ်း - အလ္လာဟ်အရှင်မြတ်သည် ထိုကျမ်းမြတ်အား မိမိ၏နဗီတမန်တော် မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ပေါ်သို့ ချပေးတော်မူခဲ့သည်။

သောင်ရသ်ကျမ်း - အလ္လာဟ်အရှင်မြတ်သည် ထိုကျမ်းမြတ်အား မိမိ၏နဗီတမန်တော် မူစာ (အလိုင်ဟိစ္စလာမ်)ပေါ်သို့ ချပေးတော်မူခဲ့သည်။

အင်ဂျီးလ်ကျမ်း - အလ္လာဟ်အရှင်မြတ်သည် ထိုကျမ်းမြတ်အား မိမိ၏နဗီတမန်တော် အီစာ (အလိုင်ဟိစ္စလာမ်)ပေါ်သို့ ချပေးတော်မူခဲ့သည်။

ဇဗူရ်ကျမ်း - အလ္လာဟ်အရှင်မြတ်သည် ထိုကျမ်းမြတ်အား မိမိ၏နဗီတမန်တော် ဒါဝူးဒ် (အလိုင်ဟိစ္စလာမ်)ပေါ်သို့ ချပေးတော်မူခဲ့သည်။

အိဗ်ရာဟီးမ်၏ကျမ်းများ - အလ္လာဟ်အရှင်မြတ်သည် ထိုကျမ်းများအား မိမိ၏နဗီတမန်တော် အိဗ်ရာဟီးမ်(အလိုင်ဟိစ္စလာမ်)ပေါ်သို့ ချပေးတော်မူခဲ့သည်။

စတုတ္ထ မဏ္ဍိုင် - ရစူလ်တမန်တော်များကို အီမာန် သက်ဝင်ယုံကြည်ခြင်း။

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - (စင်စစ်သော်ကား ဧကန်မလွဲ ငါအရှင်မြတ်သည် လူမျိုးတိုင်းတွင် ရစူလ်တမန်တော်တစ်ပါးကို စေလွှတ်တော်မူပြီး အသင်တို့သည် အခြားကိုးကွယ်ရာများကို စွန့်လွှတ်ပယ်ရှား၍ (တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်ဟု (ဟောကြားစေတော် မူခဲ့လေသည်)။) စူရဟ် နဟ်လ် - (၁၆:၃၆)

အလ္လာဟ်အရှင်မြတ်သည် လူမျိုးတိုင်းတွင် ရစူလ်တမန်တော်တစ်ပါးကို စေလွှတ်တော်မူပြီး ဖက်စပ်ယှဉ်တွဲခြင်း ကင်းတော်မူသော တစ်ပါးတည်းသောအရှင် အလ္လာဟ်မြတ်ကိုသာ ခဝပ်ကိုးကွယ်ရန်နှင့် အခြားကိုးကွယ်ရာများအား ငြင်းပယ်ရန် ဖိတ်ခေါ်စေခဲ့ကြောင်းကို ခိုင်မာစွာ ယုံကြည်ထောက်ခံရမည်။

ဧကန်အမှန် ထိုရစူလ်တမန်တော်များသည် အလ္လာဟ်အရှင်မြတ်၏ အစေတော်လူသား အမျိုးသားများပင်ဖြစ်ကြသည်။ ၎င်းတို့သည် မှန်ကန်ကြသူများ၊ မှန်ကန်သည်ဟုထောက်ခံခြင်းခံရသူများ၊ အပြစ်ရှောင်ကြဉ်ပြီး အမိန့်နာခံသူများ၊ သစ္စာသမာဓိရှိသူများ၊ လမ်းမှန်တရားရရှိသူများဖြစ်ပြီး လမ်းမှန်တရားသို့ ညွှန်ကြားပြသသူများလည်း ဖြစ်ကြသည်။ အလ္လာဟ်အရှင်မြတ်သည် ထိုရစူလ်တမန်တော်တို့အား ၎င်းတို့၏ မှန်ကန်မှုကို ညွှန်ပြသော (မုအ်ဂျိဇဟ်) အံ့ဖွယ်တန်ခိုးတော်များဖြင့် ကူညီစောင်မတော်မူခဲ့သည်။ ထို့ပြင် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်က ၎င်းတို့ထံ ချပေးတော်မူခဲ့သော အရာအားလုံးကို ပို့ချတော်မူခဲ့သည်။၎င်းတို့အားလုံးသည် ထင်ရှားသောအမှန်တရားနှင့် ရှင်းလင်းပြတ်သားသော လမ်းမှန်တရားပေါ်၌ ရှိခဲ့ကြသည်။

ရစူလ်တမန်တော် အစမှ အဆုံးထိ အားလုံး၏ ဖိတ်ခေါ်မှုသည် သာသနာ့ အခြေခံအုတ်မြစ်တွင်အတူတူပင်ဖြစ်ကြသည်။ ၎င်းမှာ ဖက်စပ်ယှဉ်တွဲမှုမပါဘဲ အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းကိုသာ ခဝပ်ကိုးကွယ်ခြင်းဖြစ်သည်။

ပဉ္စမ မဏ္ဍိုင် - နောက်ဆုံးနေ့ကို အီမာန် သက်ဝင်ယုံကြည်ခြင်း။

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - (အလ္လာဟ်အရှင်မြတ်သည် အကြင်အရှင်မြတ်ပင်တည်း၊ ထိုအရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ရာ အလျှင်းမရှိပေ၊ ထိုအရှင်မြတ်သည် မုချ အသင်တို့ကို 'ကိယာမတ်' ခေါ် ရှင်ပြန်ထမည့်နေ့တွင် စုရုံးစေသော်မူအံ့၊ ဤအရာ၌ ဒွိဟသံသယ အလျှင်းမရှိရပေ၊ စင်စစ်သော်ကား စကားအရာ၌ အလ္လာဟ်အရှင်မြတ်ထက် ပိုမိုမှန်ကန်စွာ ပြောဆိုသောသူ မည်သူရှိပါမည်နည်း။) စူရဟ် နိစာအ် - (၄:၈၇)

နောက်ဆုံးနေ့နှင့် ပတ်သက်၍ ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်က မိမိ၏ကျမ်းတော်မြတ်၌ ဖော်ပြထားသော အကြောင်းအရာများနှင့် ကျွန်ုပ်တို့၏ နဗီတမန်တော် မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကမိန့်ကြားခဲ့သော အကြောင်းအရာများအားလုံးကို ခိုင်မာစွာ ယုံကြည်ထောက်ခံရမည်။ ဥပမာ - လူသားတို့ သေဆုံးကွယ်လွန်ခြင်း၊ သေပြီးနောက် ပြန်လည်ရှင်ပြန်ထခြင်း၊ ကြားဝင်အသနားခံပေးခြင်း၊ (မီဇာန်) ချိန်ခွင်ရှိခြင်း ၊ စာရင်းအင်းစစ်ဆေးခြင်း၊ ဂျန္နသ် သုခဘုံနှင့် ဂျဟန္နမ် ငရဲဘုံတည်ရှိခြင်းတို့အပြင် နောက်ဆုံးနေ့နှင့် ပတ်သက်သည့် အခြားအကြောင်းအရာများ စသည်တို့ဖြစ်သည်။

ဆဋ္ဌမ မဏ္ဍိုင်- သက္ကဒီရ် အရှင်မြတ်၏ အကောင်း၊အဆိုး သတ်မှတ်ချက်ကို အီမာန် သက်ဝင်ယုံကြည်ခြင်း။

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - (ဧကန်မလွဲ ငါအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ချင့်ချိန်၍ ဖန်ဆင်းတော်မူခဲ့၏။) စူရဟ် ကမရ် - (၅၄:၄၉)

ဧကန်မုချ ဤလောကီ၌ အဖန်ဆင်းခံများ ကြုံတွေ့နေရသော အဖြစ်အပျက်တိုင်းနှင့် အခြေနေတိုင်းသည် ဖက်စပ်ယှဉ်တွဲခြင်းကင်းတော်မူပြီး တစ်ဆူတည်းဖြစ်တော်မူသာ အလ္လာဟ်အရှင်မြတ်၏ (အိလ်မ်)အသိပညာ၊ ထိုအရှင်မြတ်၏ သတ်မှတ်ချက်၊ ထိုအရှင်မြတ်၏ စီမံခန့်ခွဲမှုတို့နှင့်သာ ဖြစ်နေကြောင်းကို ယုံကြည်ရမည်။ဤသက္ကဒီရ် သတ်မှတ်ချက်များသည် လူသားတို့ကို မဖန်ဆင်းမီကပင် ရေးဆွဲသတ်မှတ်ထားပြီးဖြစ်သည်။လူသားသည် ကိုယ်ပိုင် အလိုဆန္ဒများထားနိုင်ပြီး ၎င်းသည် သူ၏လုပ်ရပ်များကို အမှန်တကယ် လုပ်ဆောင်သူပင်ဖြစ်သည်။ သို့သော် ၎င်းအရာအားလုံးသည် အလ္လာဟ်အရှင်မြတ်၏ အသိပညာနှင့် အလိုတော်ကို ကျော်လွန်နိုင်ခြင်း မရှိကြပေ။

သက္ကဒီရ်အပေါ် အီမာန် သက်ဝင်ယုံကြည်ခြင်းတွင်အဆင့် လေးဆင့်ရှိသည်။ ၎င်းတို့မှာ -

၁။ အလ္လာဟ်အရှင်မြတ်၏ (အိလ်မ်) အသိပညာသည် အရာရာတိုင်းကို လွှမ်းခြုံထားကြောင်း သက်ဝင်ယုံကြည်ခြင်း။

၂။ ကိယာမသ် ပြန်လည်ရှင်ပြန်ထမည့်နေ့ထိ ဖြစ်ပျက်လာမည့် အရာအားလုံးကို အလ္လာဟ်အရှင်မြတ်က ရေးဆွဲသတ်မှတ်ထားကြောင်း သက်ဝင်ယုံကြည်ခြင်း။

၃။ အမြဲထမြောက် အကောင်အထည်ပေါ်နေသည့် အလ္လာဟ်အရှင်မြတ်၏ အလိုတော်နှင့် အရှင်မြတ်၏ ပြီးပြည့်စုံသည့် တန်ခိုးအာဏာတော်ကို သက်ဝင်ယုံကြည်ခြင်း။ အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသောအရာသည် ဖြစ်ပေါ်လာမည်ဖြစ်ပြီး ထိုအရှင်မြတ် အလိုမရှိသောအရာသည် ဖြစ်ပေါ်လာမည်မဟုတ်ပေ။

၄။ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်ပြီး အရှင်မြတ်၏ ဖန်ဆင်းမှု၌ ဖက်စပ်ယှဉ်တွဲမည့်သူ မရှိကြောင်းကို အီမာန် သက်ဝင်ယုံကြည်ခြင်း။

ဝုဿွူ (ရေဖြင့် သန့်ရှင်းစင်ကြယ်မှုပြုခြင်း) အား ကျွန်တော် သင်ယူနေသည်။

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - (ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် (မေ့မှားမှုကို) အလွန်ဝန်ချတောင်းပန်သောသူများကို ချစ်နှစ်သက်တော်မူ၏။ ထို့အတူ ထိုအရှင်မြတ်သည် သန့်ရှင်းစင်ကြယ်သောသူများကိုလည်း ချစ်နှစ်သက်တော်မူ၏။) စူရဟ် ဗကရဟ် - (၂:၂၂၂) တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ - "ကျွန်ုပ်၏ ဤဝုဿွူ ပြုနည်းအတိုင်းပင် ဝုဿွူ ပြုကြပါ။" ဆွလာသ်၏ ကြီးကျယ်လှသည့် အဆင့်အတန်းကြောင့် အလ္လာဟ်အရှင်မြတ်သည် ဆွလာသ် ဆောက်တည်ခြင်းမပြုမီ သန့်ရှင်းစင်ကြယ်မှုပြုရန် ပြဌာန်းတော်မူခဲ့ပြီး ၎င်းကို ဆွလာသ်ဆောက်တည်မူ မှန်ကန်စေရန်အတွက်စည်းကမ်းချက်အဖြစ် သတ်မှတ်တော်မူခဲ့သည်။ ၎င်းသည် ဆွလာသ်၏ သော့တံလည်းဖြစ်သည်။ ဆွလာသ်၏ မွန်မြတ်မှုကို သိနားလည်ခြင်းသည် နှလုံးသားအား ဆွလာသ်ဆောက်တည်ရန်အတွက် စိတ်ပါဝင်စားမှုကို ဖြစ်ပေါ်စေသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ - "သန့်ရှင်းစင်ကြယ်မှုသည် အီမာန် သက်ဝင်ယုံကြည်ခြင်း၏ ထက်ဝက်ဖြစ်သည်။...ဆွလာသ်သည် အလင်းရောင်ဖြစ်သည်။" တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ - "အကြင်သူသည် ဝုဿွူရေသန့်စင်ခြင်အား ကောင်းမွန် ပြည့်စုံအောင်ပြုလုပ်ခဲ့မည်ဆိုလျှင် သူ၏ခန္ဓာကိုယ်မှ အကုသိုလ်များ ကင်းစင်သွားမည်ဖြစ်သည်။"

ထို့ကြောင့် မွတ်စ်လင်မ်တစ်ဦးသည် ရုပ်ပိုင်းဆိုင်ရာအား ဝုဿွူရေသန့်စင်မှုပြုလုပ်ပြီး၊ နာမ်ပိုင်းဆိုင်ရာ၌ ဤခဝပ်မှုအား အလ္လာဟ်အရှင်မြတ်အတွက် သီးသန့်ဖြစ်စေကာ၊ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ လမ်းညွှန်မှုကိုလိုက်နာ၍ အတွင်းအပြင် စင်ကြယ်သူအဖြစ်နှင့် မိမိ၏ဖန်ဆင်းရှင် ရှေ့တော်မှောက်တွင် ရပ်ရမည်ဖြစ်သည်။

ဝုဿွူ(ရေသန့်စင်မှု)ပြုလုပ်ရန် လိုအပ်သော ကဏ္ဍများ -

၁။ ဆွလာသ် ဆောက်တည်ရန်။ ၎င်းဆွလာသ်သည် ဖရ်ဿွ်ဖြစ်စေ (သို့မဟုတ်) နဖ်လ်ဖြစ်စေ အတူတူပင်ဖြစ်သည်။

၂။ ကအ်ဗဟ် ကျောင်းတော်ကို သွဝါဖ် လှည့်ရန်။

၃။ ကုရ်အာန်ကျမ်းတော်မြတ်ကို ကိုင်တွယ်ရန်။

ကျွန်တော်သည် ဝုဿွူပြုခြင်းနှင့် ရေချိုးခြင်းကို သန့်ရှင်းသောရေဖြင့် ပြုလုပ်ပါသည်။ -

သန့်ရှင်းသောရေဆိုသည်မှာ - ကောင်းကင်မှ ကျလာသောရေနှင့် မြေပထဝီမှ စိမ့်ထွက်လာသောရေတို့သည် ၎င်းတို့၏ မူလဂုဏ်သတ္တိအတိုင်း ရှိနေပြီး ရေ၏ သန့်ရှင်းမှုကို ပြောင်းလဲစေသည့် အရာတစ်ခုခုကြောင့် ရေ၏ ဂုဏ်သတ္တိ သုံးမျိုးဖြစ်သည့် (အရောင်၊ အရသာ၊ အနံ့) တို့အနက် တစ်မျိုးမျိုး ပြောင်းလဲသွားခြင်းမရှိသည့် ရေကိုခေါ်ဆိုသည်။

ဝုဿွူ (ရေဖြင့် သန့်ရှင်းစင်ကြယ်မှုပြုခြင်း) အား ကျွန်တော် သင်ယူနေသည်။

အဆင့် (၁) - ရည်စူးခြင်း၊ စိတ်နှလုံးသားထဲမှရည်စူးရမည်။ ရည်စူးခြင်းဆိုသည်မှာ - ခဝပ်ကိုးကွယ်မှုအား အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်မှုရရှိရန်အတွက် ပြုလုပ်ကြောင်း နှလုံးသား၏ ခိုင်မာသောဆုံးဖြတ်ချက်ကို ခေါ်သည်။

အဆင့် (၂) - လက်နှစ်ဖက်ကို လက်ကောက်ဝတ်အထိ ဆေးကြောခြင်း။

အဆင့် (၃) - ပလုတ်ကျင်းခြင်း။

ပလုတ်ကျင်းခြင်းဆိုသည်မှာ ပါးစပ်ထဲသို့ရေထည့်ပြီး ပါးစပ်တစ်ခုလုံးအနှံ့ ရေရောက်အောင်ပြုလုပ်ကာ ပြန်ထုတ်ခြင်းဖြစ်သည်။

အဆင့် (၄) - နှာခေါင်းတွင်း ရေသွင်းခြင်း။

နှာခေါင်းတွင်း ရေသွင်းခြင်းဆိုသည်မှာ - နှာနုအထိ ရေရောက်ရှိရန် ရေရှူသွင်းခြင်းဖြစ်သည်။

ထို့နောက် (အိဆ်သင်န်စာရ်)ပြုခြင်း - နှာခေါင်းထဲရှိ နှပ်များနှင့် အခြားအရာများကို ညှစ်ထုတ်ခြင်းဖြစ်သည်။

အဆင့် (၅) - မျက်နှာဆေးကြောခြင်း။

မျက်နှာ အတိုင်းအတာ။

မျက်နှာဆိုသည်မှာ - မျက်နှာချင်းဆိုင်လို့ရသည့် အစိတ်အပိုင်းဖြစ်သည်။

မျက်နှာ၏အနံမှာ - တစ်ဖက်နားမှ တစ်ဖက်နားအထိ ဖြစ်သည်။

မျက်နှာ၏အလျားမှာ - ဦးခေါင်းတွင် ပုံမှန်ဆံပင်ထွက်သည့် နေရာ (နဖူးဆံစ)မှ မေးစေ့အဆုံးထိဖြစ်သည်။

မျက်နှာဆေးကြောခြင်းတွင် မျက်နှာပေါ်ရှိ ပါးလွှာသောအမွေးမျှင်များ၊ နားသယ်မွေးနှင့် နားရွက်ကြား လွတ်နေသည့်နေရာ(အလ်ဗယာဿ်ွ)နှင့် ပါးသိုင်းမွေးနေရာ(အလ်အိဇာရ်) စသည့်တို့အားလုံးပါဝင်သည်။

အလ်ဗယာဿ်ွ ဆိုသည်မှာ - နားသယ်မွေးနှင့် နားအောက်ဖက်အသားလုံးကြား အမွေးမပေါက်သည့် နေရာကို ဆိုလိုသည်။

အလ်အိဇာရ် ဆိုသည်မှာ - နားမှ ဦးခေါင်းအတွင်းပိုင်းသို့ ဝင်သွားသည့် အပေါက်နှင့်အပြိုင် အရိုးပေါ်ရှိ အမွေးများနှင့် ၎င်းမှ နားကိုကျော်၍ ရှည်လာသည့် အမွေးများကို ဆိုလိုသည်။

ထို့အတူ မျက်နှာဆေးကြောရာတွင် ထူထဲသည့် မုတ်ဆိတ်မွေး အပြင်ပိုင်း အောက်သို့တွဲလျားကျနေသည့်အမွေးများ ပါဝင်သည်။

အဆင့် (၆) - လက်နှစ်ဖက်ကို လက်ချောင်းထိပ်မှစ၍ တံတောင်ဆစ်အပါအဝင် ဆေးကြောခြင်း။

(ဖရ်ဿ်ွ) မပြုမနေရ တာဝန်ဖြစ်သည့် လက်နှစ်ဖက်ကို ဆေးကြောခြင်းတွင် တံတောင်ဆစ်များလည်း ပါ၀င်သည်။

အဆင့် (၇) - လက်နှစ်ဖက်ဖြင့် ဦးခေါင်းတစ်ခုလုံးအား နားရွက်နှစ်ဖက်အပါအဝင် တစ်ကြိမ် ပွတ်သတ်ခြင်း။

မိမိ ဦးခေါင်းအရှေ့မှ အစပြု၍ လည်ကုပ်အဆက်ထိ လက်နှစ်ဖက်ဖြင့် ပွတ်သပ်ပြီး တစ်ဖန်ပြန်၍ အရှေ့သို့ ပွတ်သပ်ရမည်။

ထို့နောက် မိမိ၏လက်ညိုးနှစ်ချောင်းကို မိမိ၏ နားနှစ်ဖက်သို့ ထည့်သွင်း(ပွတ်သပ်)ရမည်။

မိမိ၏လက်မနှစ်ခုဖြင့် နားရွက်၏ အနောက်ဘက်ကို ပွတ်သပ်ရမည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် နားအပြင်ပိုင်းနှင့် အတွင်းပိုင်းကို ပွတ်သပ်ပြီးသားဖြစ်သွားမည်။

အဆင့် (၈) - ခြေထောက်နှစ်ဖက်ကို ခြေချောင်းများ၏ထိပ်မှစ၍ ခြေမျက်စိအထိ ဆေးကြောခြင်း။ (ဖရ်ဿ်ွ) မပြုမနေရ တာဝန်ဖြစ်သည့် ခြေထောက်နှစ်ဖက်ကို ဆေးကြောခြင်းတွင် ခြေမျက်စိများလည်း ပါဝင်သည်။

ခြေမျက်စိ ဆိုသည်မှာ - ခြေထောက်၏ အောက်ပိုင်းရှိ အပြင်သို့ထွက်နေသော အရိုးနှစ်ခုကို ခေါ်သည်။

ဝုဿွူ (သန့်စင်မှု)ကို ပျက်စေသောအချက်များ -

ဒွါရ နှစ်ပေါက်မှ ထွက်သောအရာများ ဥပမာ - ကျင်ငယ်၊ ကျင်ကြီး၊ လေလည်ခြင်း၊ သုတ်ရည်နှင့် သုတ်ရည်မတိုင်မီထွက်သည့် ရေကြည်ကဲ့သို့သောအရာများ။

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခြင်း၊ မူးမေ့သတိလစ်ခြင်း၊ မူးယစ်ခြင်း၊ ရူးသွပ်သွားခြင်းတို့ကြောင့် အသိတရား ပျောက်သွားခြင်း။

(ဂုစ်လ်) ရေချိုးရန် တာဝန်ထိုက်စေသော ကိစ္စရပ်အားလုံး ဥပမာ - ဂျနာဗသ် (ရေချိုးရန် တာဝန်ထိုက်သည့် ကိုယ်မသန့်မှုဖြစ်ခြင်း)၊ ဓမ္မတာလာခြင်း၊ မီးယပ်သွေးဆင်းခြင်း စသည်တို့ဖြစ်သည်။

လူတစ်ဦးသည် ကျင်ကြီး၊ ကျင်ငယ်စွန့်ပြီးသောအခါ အညစ်အကြေးများကို စင်ကြယ်သောရေဖြင့် ဆေးကြောရမည်။ ထိုသို့ဆေးကြောခြင်းသည် အကောင်းဆုံးပင်ဖြစ်သည်။ သို့မဟုတ်ပါက ရေအပြင် အညစ်အကြေးများကို ပပျောက်စေသည့် ကျောက်ခဲများ၊ တစ်သျူးများ၊ အဝတ်စများ စသည့်အလားတူအရာတို့ဖြင့် သုတ်သင်ရမည်။ ထိုအပြင် သုံးစွဲရန်ခွင့်ပြုထားသော မည်သည့်သန့်ရှင်းသည့် အရာကိုမဆို အသုံးပြုရာတွင် သုံးကြိမ် သို့မဟုတ် သုံးကြိမ်နှင့်အထက်သုတ်သင်ရမည်။

သားရေခြေအိတ်နှင့် ခြေစွပ်များပေါ်တွင် (မဆ်ဟ်) ပွတ်သပ်ခြင်း။

သားရေခြေအိတ်နှင့် ခြေစွပ်များကို ဝတ်ဆင်ထားသည့် အခြေအနေမျိုးတွင် ခြေထောက်နှစ်ဖက်အား ဆေးကြောရန်မလိုဘဲ ၎င်းအရာနှစ်ခုပေါ်တွင် (မဆ်ဟ်) ပွတ်သပ်ခြင်း ပြုနိုင်သည်။ ထိုသို့လုပ်ဆောင်ရန်အတွက် သတ်မှတ်ထားသည့် စည်းကမ်းချက်များမှာ -

၁။ ၎င်းအရာနှစ်ခုအား ရေးချိုးရန်တာဝန်ထိုက်သည့် မသန့်ဖြစ်ခြင်းနှင့် ဝူဿွူပြုလုပ်ရန် တာဝန်ထိုက်သည့် မသန့်ဖြစ်ခြင်းတို့မှ ကင်းစင်ပြီး သန့်ရှင်းစင်ကြယ်သော အခြေအနေမျိုးတွင် ခြေထောက်နှစ်ဖက်အား ဆေးကြောပြီးနောက် ဝတ်ရမည်။

၂။ ခြေစွပ်နှစ်ခုစလုံး သန့်ရှင်းရမည်။ မသန့်လူးပေနေခြင်း မရှိစေရ။

၃။ (မဆ်ဟ်) ပွတ်သပ်ခြင်းသည် သတ်မှတ်ထားသော အချိန်ကာလအတွင်း၌သာ ဖြစ်ရမည်။

၄။ ခြေစွပ်နှစ်ခုစလုံးသည် မိမိသုံးစွဲပိုင်ခွင့်ရှိသည့်အရာဖြစ်ရမည်။ ဥပမာ - ခိုးထားခြင်း၊ လုယူထားခြင်းမျိုးမဖြစ်စေရ။

(ခုဖ်) သားရေခြေအိတ်ဆိုသည်မှာ - သားရေအပါး သို့မဟုတ် အလားအတူအရာများဖြင့်ပြုလုပ်ထားပြီး ခြေထောက်တွင် ဝတ်ဆင်ရသော ခြေဖမိုးများကိုပါ ဖုံးအုပ်ပေးသည့် ဖိနပ်ကဲ့သို့ ခြေအိတ်မျိုးဖြစ်သည်။

(ဂျောင်ရဗ်) ခြေစွပ်ဆိုသည်မှာ - အဝတ် သို့မဟုတ် အလားတူအရာဖြင့် ပြုလုပ်ထားသည့် ခြေထောက်နှစ်ဖက်တွင် ဝတ်ဆင်ရသည့် အရာဖြစ်သည်။ ၎င်းအား(ရှုရ်ရားဗ်)ဟုလည်း ခေါ်သည်။

ခြေစွပ်နှစ်ခုပေါ်တွင် (မဆ်ဟ်) ပွတ်သပ်ခြင်းအား ခွင့်ပြုထားခြင်း၏ အမြော်အမြင်။

ခြေစွပ်နှစ်ခုပေါ်တွင် (မဆ်ဟ်) ပွတ်သပ်ခြင်း၏ အမြော်အမြင်မှာ အထူးသဖြင့် ခရီးသွားသည့်အခါနှင့် အလွန်အေးသော ဆောင်းရာသီ အချိန်အခါများတွင် သားရေခြေအိတ်နှင့်ခြေစွပ်များကို ချွတ်၍ ရေဆေးရန် အခက်အခဲရှိသော မွတ်စ်လင်မ်များအပေါ် လွယ်ကူသက်သာစေရန်အတွက်ဖြစ်သည်။

(မဆ်ဟ်) ပွတ်သပ်ရန်ခွင့်ပြုထားသော အချိန်ကာလ။

မိမိအရပ်ဒေသတွင်ရှိသူ - တစ်ရက်၊ တစ်ည (၂၄ နာရီ)။

ခရီးသွားသူ - သုံးရက်၊ သုံးည (၇၂ နာရီ)။

ဝုဿွူ(ရေသန့်စင်ထားခြင်း) ပျက်သွားပြီးနောက် သားရေခြေအိတ် သို့မဟုတ် ခြေစွပ်နှစ်ခုပေါ် ပထမဦးဆုံး (မဆ်ဟ်) ပွတ်သပ်သည့် အချိန်မှစ၍ (မဆ်ဟ်) ပြုလုပ်သည့်အချိန်ကို စတင်ရေတွက်ရမည်။

သားရေခြေအိတ် သို့မဟုတ် ခြေစွပ်နှစ်ခုပေါ် (မဆ်ဟ်) ပွတ်သပ်ခြင်း၏ ပုံစံ။

၁။ လက်နှစ်ဖက်ကို ရေစွတ်စိုအောင်ပြုလုပ်ပါ။

၂။ လက်အား ခြေဖမိုးပေါ်တွင် ပွတ်သပ်ပါ။(ခြေချောင်းများ၏ ထိပ်ဖျားမှစ၍ ခြေသလုံးအစအထိ)

၃။ ညာခြေဖမိုးကို ညာလက်ဖြင့် ဘယ်ခြေဖမိုးကို ဘယ်လက်ဖြင့် ပွတ်သပ်ရမည်။

(မဆ်ဟ်) ပွတ်သတ်ခြင်းအား ပျက်စေသောအချက်များ -

၁။ ရေချိုးရန် တာဝန်ထိုက်စေသည့် ကိစ္စရပ်များ။

၂။ မဆ်ဟ်ပြုရန် ခွင့်ပြုထားသည့် အချိန်ကာလကုန်ဆုံးခြင်း။

(ဂုစ်လ်) ရေချိုးခြင်း -

အမျိုးသားတစ်ဦး သို့မဟုတ် အမျိုးသမီးတစ်ဦးသည် ကိုယ်လက်နှီးနှောခြင်း သို့မဟုတ် နိုးကြားနေစဉ်ဖြစ်စေ၊ အိပ်ပျော်နေစဉ်ဖြစ်စေ ရာဂစိတ်ဖြင့် သုက်ရည်ထွက်ခြင်းတို့ဖြစ်ခဲ့လျှင် ဆွလာသ် ဆောက်တည်ရန် သို့မဟုတ် သန့်ရှင်းစင်ကြယ်မှု ရှိမှသာဆောင်ရွက်နိုင်မည့် မည်သည့် ခဝပ်ကိုးကွယ်မှုကိုမဆို ပြုလုပ်နိုင်ရန် အတွက် ၎င်းတို့အပေါ် တွင် ရေချိုးရန် တာဝန်ထိုက်သည်။ ထို့အတူ အမျိုးသမီးတစ်ဦးသည် ဓမ္မတာသွေးနှင့် မီးယပ်သွေးတို့မှ သန့်ရှင်းသွားသည့်အခါ ဆွလာသ် မဆောက်တည်မီအလျင် သို့မဟုတ် သန့်ရှင်းစင်ကြယ်မှု ရှိမှသာဆောင်ရွက်နိုင်မည့် မည်သည့် ခဝပ်ကိုးကွယ်မှုကိုမဆို မပြုမီအလျင် ရေချိုးရန် တာဝန်ရှိသည်။

ရေချိုးရမည့်ပုံစံမှာ အောက်ပါအတိုင်းဖြစ်သည် -

မွတ်စလင်မ်တစ်ဦးသည် ပလုတ်ကျင်းခြင်းနှင့် နှာခေါင်းထဲသို့ရေသွင်းခြင်းတို့ အပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးအား မည်သည့်နည်းနှင့်မဆို ရေစိုစွတ်သွားအောင် ပြုလုပ်ရမည်။ ခန္ဓာကိုယ်တစ်ခုလုံး ရေစွတ်စိုသွားလျှင် ရေချိုးရန်တာဝန်ထိုက်သည့် မသန့်ဖြစ်ခြင်းမှ ကင်းစင်သွားပြီး သန့်ရှင်းစင်ကြယ်မှုလည်း ပြီးမြောက်သွားမည်ဖြစ်သည်။

ရေချိုးရန်တာဝန်ထိုက်သူသည် ရေမချိုးမချင်း အောက်တွင် ဖော်ပြထားသောအရာများကို ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ရမည် -

၁။ ဆွလာသ် ဆောက်တည်ခြင်း။

၂။ ကအ်ဗဟ် ကျောင်းတော်အား သွဝါဖ် လှည့်ခြင်း။

၃။ ဗလီထဲတွင်နေခြင်း သို့သော် ဗလီထဲတွင်မနေဘဲ ဖြတ်သန်းသွားလာခွင့်ရှိသည်။

၄။ ကုရ်အာန်ကျမ်းမြတ်ကို ထိတွေ့ကိုင်တွယ်ခြင်း။

၅။ ကုရ်အာန်ကျမ်းမြတ် ဖတ်ရွတ်ခြင်း။

သယမ္မုမ် (သန့်ပြန့်သောမြေဖြင့် စင်ကြယ်မှုရယူခြင်း)

မွတ်စ်လင်မ်တစ်ဦးသည် သန့်ရှင်းစင်ကြယ်မှုပြုရန် ရေမရရှိလျှင် သို့မဟုတ် နာမကျန်းဖြစ်ခြင်းနှင့် အခြားအကြာင်းတစ်ခုခုကြောင့် ရေမသုံးစွဲနိုင်လျှင်၊ ၎င်းသည် ဆွလာသ်အချိန် ကုန်ဆုံးသွားမည်ကို စိုးရိမ်ရပါက သန့်ပြန့်သောမြေဖြင့် သယမ္မုမ် ပြုလုပ်ရမည်ဖြစ်သည်။

သယမ္မုမ် ပြုလုပ်ရမည့်ပုံစံမှာ ၎င်းသည် သူ၏ လက်နှစ်ဖက်ကို မြေပေါ်တွင် တစ်ကြိမ်ပုတ်ပြီးနောက် ထိုလက်နှစ်ဖက်ဖြင့် သူ၏မျက်နှာနှင့် လက်နှစ်ဖက်ကို လက်ကောက်ဝတ်ထိ ပွတ်သပ်ရမည်။ သယမ္မုမ် ပြုလုပ်မည့် မြေသည် သန့်ရှင်းစင်ကြယ်မှုရှိရန် လိုအပ်သည်။

သယမ္မုမ် ပျက်စေသောအချက်များ -

၁။ ဝုဿွူပျက်စေသည့် အချက်များသည် သယမ္မုမ်ကိုလည်း ပျက်စေသည်။

၂။ (အိဗာဒသ်)ခဝပ်ကိုးကွယ်မှုပြုရန်အတွက် သယမ္မုမ် လုပ်ထားပြီး ၎င်း(အိဗာဒသ်)အား မစတင်မီ ရေရရှိပါက သယမ္မုမ် ပျက်သွားမည် ဖြစ်သည်။

ဆွလာသ် ဆောက်တည်ခြင်းအား ကျွန်တော်သင်ယူနေသည်။

အလ္လာဟ်အရှင်မြတ်သည် မွတ်စ်လင်မ်တိုင်းအတွက် နေ့နှင့်ညတွင် ဆွလာသ်ငါးကြိမ်ကို ဖရ်ဿွ် မပြုမနေရ တာဝန်အဖြစ်သတ်မှတ်ထားသည်။ ၎င်းတို့မှာ - ဖဂျရ်ဆွလာသ်၊ ဇုဟုရ်ဆွာလာသ်၊ အဆွ်ရ်ဆွလာသ်၊ မဂ်ရိဗ်ဆွလာသ်၊ အိရှာအ်ဆွလာသ်တို့ ဖြစ်သည်။

ဆွလာသ်ဆောက်တည်ရန် ကျွန်တော် ပြင်ဆင်နေသည်။

ဆွလာသ်အချိန် ဝင်ရောက်လာသည့်အခါ မွတ်စ်လင်မ်တစ်ဦးသည် (မသန့်အသေးမှ ကင်းဝေးစေရန်) ဝုဿွူ ရေသန့်စင်မှုပြုရမည်။ အကယ်၍ ၎င်းသည် ( မသန့်အကြီး) ရေချိုးရန်တာဝန်ထိုက်နေပါက ရေချိုးရမည်ဖြစ်သည်။

မသန့်အကြီးဆိုသည်မှာ - မွတ်စ်လင်မ်တစ်ဦးအပေါ်တွင် (ဂုစ်လ်) ရေးချိုးရန်တာဝန်ထိုက်စေသော မသန့်ဖြစ်ခြင်းမျိုးကိုဆိုလိုသည်။

မသန့်အသေးဆိုသည်မှာ - မွတ်စ်လင်မ်တစ်ဦးအပေါ်တွင် (ဝုဿွူ) ရေသန့်စင်ခြင်းပြုလုပ်ရန် တာဝန်ထိုက်စေသော မသန့်ဖြစ်ခြင်းမျိုးကိုဆိုလိုသည်။

မွတ်စ်လင်မ်တစ်ဦးသည် အညစ်အကြေးတို့မှ သန့်စင်သည့်နေရာ၌ ဖုံးအုပ်ရမည့်ခန္ဓာကိုယ်အစိတ်အပိုင်းတို့ကို ဖုံးအုပ်ကာ သန့်ရှင်းသောအဝတ်များဖြင့် ဆွလာသ်ဆောက်တည်ရမည်။

မွတ်စ်လင်မ်တစ်ဦးသည် ဆွလာသ်အချိန်၌ သင့်လျော်သည့် အဝတ်စားများကို ဝတ်ဆင်၍ ယင်းအဝတ်စားများဖြင့် မိမိ၏ခန္ဓာကိုယ်ကို ဖုံးအုပ်ထားရမည်။ အမျိုးသားသည် ဆွလာသ်အတွင်း၌ ချက်နှင့်ဒူးကြားရှိ မည်သည့်အစိတ်ပိုင်းကိုမျှ ဖော်ထားခွင့်မရှိပေ။

အမျိုးသမီးသည် ဆွလာသ် အတွင်း၌ မျက်နှာနှင့် လက်ဖဝါးနှစ်ဖက်မှလွဲ၍ ခန္ဓာကိုယ်အစိတ်ပိုင်းအားလုံးကို ဖုံးအုပ်ထားရန် တာဝန်ရှိသည်။

မွတ်စ်လင်မ်တစ်ဦးသည် ဆွလာသ်အတွင်း၌ သီးသန့်သတ်မှတ်ထားသော ရွတ်ဆိုမှုများမှလွဲ၍ အခြားမည်သည့်စကားမျှ မပြောရပေ။ အိမာမ်ရှေ့ဆောင်နှင့် ဝတ်ပြုသည့်အခါ ဆိတ်ဆိတ်နေရမည်။ ဆွလာသ်တွင် ဟိုဘက် ဒီဘက်မလှည့်ရ။အကယ်၍ဆွလာသ်အတွက် သီးသန့် ရွတ်ဆိုရသည့် စာသားများကို ကျက်မှတ်နိုင်စွမ်းမရှိပါက ဆွလာသ်ဝတ်ပြုမှုပြီးဆုံးသည်အထိ အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်းနှင့် သတ်စ်ဗီးဟ် (စွဗ်ဟာနလ္လာဟ်)တို့ကို ရွတ်ဖတ်နေရမည်။ ထိုသို့သောသူသည် ဆွလာသ် ဆောက်တည်မှုနှင့် ဆွလာသ်အတွင်း ရွတ်ဆိုရသည့် စာသားများကို ဆောလျင်စွာ သင်ယူရန် လိုအပ်ပေသည်။

ကျွန်တော် ဆွလာသ်ကို သင်ယူနေသည်။

အဆင့်(၁) ကျွန်တော်ဝတ်ပြုရန် ရည်ရွယ်ထားသည့် ဖရ်ဿ်ွဆွလာသ်အား စိတ်နှလုံးထဲတွင် ရည်စူးလိုက်သည်။

ကျွန်တော်သည် ဝူဿွူပြုပြီးနောက် ကစ်ဗ်လဟ်(ကအ်ဗဟ် ကျောင်းတော်ရှိရာအရပ်)ဘက်သို့မျက်နှာမူလိုက်သည်။ အကယ်၍ ကျွန်တော်သည်မတ်တတ်ရပ်၍ ဝတ်ပြုနိုင်ပါက ရပ်၍ဝတ်ပြုသည်။

အဆင့်(၂) ကျွန်တော်သည် မိမိ၏လက်နှစ်ဖက်ကို ပုခုံးနှစ်ဖက်နှင့်အညီ မြှောက်လိုက်သည်။၎င်းနောက် ဆွလာသ်စတင်ဆောက်တည်မည်ဟု ရည်ရွယ်၍ အလ္လာဟုအက္ကဗရ် (အလ္လာဟ်အရှင်မြတ်သည် ကြီးကဲမြင့်မားဆုံး ဖြစ်တော်မူ၏။)ဟုဆိုလိုက်သည်။

အဆင့်(၃) တမန်တော်မြတ်ထံတော်မှ လာရှိထားသည့်အဖွင့်ဆုမွန်ဒုအာကို ကျွန်တော်ရွတ်ဆိုပါသည်။ ၎င်းဆုမွန်ဒုအာများအနက် တစ်ပုဒ်မှာ - (စွဗ်ဟာနကလ္လာဟွမ္မ ဝဗိဟမ်ဒိက၊ ဝသဗာရကတ်စ်မုက၊ ဝသအားလာဂျဒ်ဒုက၊ ဝလာအိလာဟဂိုင်းရုက်။) အို အလ္လာဟ်အရှင်မြတ်၊ အသင်အရှင်မြတ်သည်သန့်ရှင်းစင်ကြယ်တော်မူပါသည်ဟု ကျွန်တော်မျိုး မြွတ်ဟနေပါ၏။ အသင်အရှင်မြတ်သည်သာလျှင် ချီးမွမ်းခြင်းကို ခံထိုက်တော်မူသောအရှင်ဖြစ်တော်မူ၏။ အသင်အရှင်မြတ်၏ နာမတော်သည် မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူပါ၏။ အသင်အရှင်မြတ်၏ ဘုန်းတော်သည် (အတိုင်းအဆမရှိ) ကြီးမားတော်မူ၏။ အသင်အရှင်မြတ်မှတစ်ပါး အခြားကိုးကွယ် ထိုက်တော်မူသော အရှင်ဟူ၍ မရှိ။ အဆင့်(၄) ကျွန်တော်သည် နှင်ထုတ်ခြင်းခံရသော ရှိုင်သွာန်၏ နှောင့်ယှက်ခြင်းမှ အလ္လာဟ်အရှင်မြတ် ထံတော်၌ ခိုလှုံမှုရယူရန် ဤသို့တောင်းဆိုပါသည်။ (အအူဇုဗိလ္လာဟိ မိနတ်ရှ်ရှိုင်သွားနိရ်ရဂျီးမ်။) ကျွန်တော်မျိုးသည် နှင်ထုတ်ခြင်းခံရသော ရှိုင်သွာန်၏ နှောင့်ယှက်ခြင်းမှကင်းရန် အလ္လာဟ်အရှင်မြတ်ထံတော်၌ ခိုလှုံပါ၏။ အဆင့်(၅) ကျွန်တော်သည် ရကအသ် (ဦးညွှတ်ခြင်းနှင့်ဦးချခြင်းတို့ပါဝင်သောဆွလာသ်၏ အစိတ်ပိုင်းတစ်ခု)တိုင်းတွင် စူရဟ်ဖာသိဟဟ်ကို ဖတ်ရွတ်သည်။ စူရဟ်ဖာသိဟဟ်မှာ အောက်ပါအတိုင်းဖြစ်သည်။ (ဗိစ်မိလ္လာဟိရ် ရဟ်မာနိရ်ရဟီးမ်) မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော အနန္တကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့် အစပြုပါ၏။ (၁) (အလ်ဟမ်ဒုလိလ္လာဟိ ရဗ်ဗိလ်အားလမီးန်) ချီးမွမ်းထောမနာခြင်း ဟူဟူသမျှသည် စကြဝဠာ အပေါင်းတို့ကို (မဖြစ်ပေါ် မီကစ၍ ပြည့်စုံပြီးစီးသည့်တိုင်အောင် အဆင့်ဆင့်) ပြုစု ပျိုးထောင်တော်မူသော အလ္လာဟ်အရှင်မြတ် အဖို့သာတည်း။ (၂) (အရ်ရဟ်မာနိရ်ရဟီးမ်) (အလ္လာဟ်အရှင်မြတ်သည်) မပြတ်မစဲ သနားကြင်နာညှာတာ တော်မူသော အနန္တကရုဏာတော်ရှင် ဖြစ်တော်မူ၏။ (၃) (မာလိကိ ယောင်မိဒ်ဒီးန်) (အလ္လာဟ်အရှင်မြတ်သည် ခပ်သိမ်း ကုန်သော သတ္တဝါတို့ကို ရှင်ပြန်ထစေတော်မူ၍ သူတော်စင်တို့အား) ကောင်းကျိုး၊ (မသူတော်တို့အား) မကောင်းကျိုး ပေးတော်မူမည်ဖြစ်သောနေ့ကို အစိုးရတော်မူသောအရှင်ဖြစ်သည်။ (၄) (အိယ္ယာက နအ်ဗုဒု ဝအိယ္ယာက နတ်စ်သအီးန်) ကျွန်တော်မျိုးတို့သည် ကိုယ်တော်အရှင်မြတ်ကိုသာလျှင် ခယရိုကျိုး ရှိခိုးဆည်းကပ်ပါ၏။ ထို့ပြင်တစ်ဝ ကျွန်တော်မျိုးတို့အား ကူညီစောင်မတော် မူပါရန် ကိုယ်တော်အရှင်မြတ် ထံတော်၌သာလျှင် ဆုတောင်းပတ္ထနာပြုပါ၏။ (၅) (အိဟ်ဒိနတ်စ်စွိရာသွက်လ် မွတ်စ်သကီးမ်) (အို-အလ္လာဟ်အရှင်မြတ်) ကျွန်တော်မျိုးတို့အား အစစအရာရာတွင် ဖြောင့်မတ်မှန်ကန်သော (မဇ္ဈိမပဋိပဒါ)လမ်းစဉ်ကို ညွှန်ကြားပြသတော်မူပါ။ (၆) (စွိရာသွလ်လဇီးန အန်အမ်သအလိုင်းဟိမ် ဂိုင်းရိလ်မဂ်ဿွူဗိ အလိုင်းဟိမ် ဝလဒ်ဿွါးလ်လီးန်) အကြင်သူတို့အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်သည် (မေတ္တာကရုဏာသက်ဝင် တော်မူ၍) သုခချမ်းသာဂုဏ်ကျေးဇူးကို ပြုခဲ့လေပြီဖြစ်၏။ ထိုသူမွန်သူမြတ်တို့၏ တရားလမ်းကို (ကျွန်တော်မျိုးတို့အာလည်း ညွှန်ကြားပြသတော်မူပါ။) အမျက်စူးရှခြင်းခံရသူများ(၏လမ်း)လည်း မဟုတ်၊ လမ်းမှာသူများ(၏လမ်း) လည်းမဟုတ်၊ (သူမွန်သူမြတ်တို့၏ ဥဇုမဂ္ဂလမ်းမှန်ကိုသာညွှန်ကြားပြသတော်မူပါ)။ (၇)

စူရဟ်ဖာသိဟဟ် ရွတ်ဖတ်ပြီးနောက် ကျွန်တော်သည် ကုရ်အာန်ကျမ်းမြတ်မှ လွယ်ကူသည့် အာယတ်တော်များကို ဆွလာသ်တိုင်းတွင် ပထမရကအသ်နှင့် ဒုတိယရကအသ်၌သာ ဖတ်ရွတ်ပါသည်။ ဤသို့ အာယသ်တော်များ ရွတ်ဆိုခြင်းသည် မဖြစ်မနေပြုလုပ်ရမည့် တာဝန်မဟုတ်ပေ။ သို့သော် ထိုသို့ဖတ်ရွတ်ခြင်း၌ ကြီးကျယ်လှသော အကျိုးကုသိုလ်ရှိပေသည်။

အဆင့်(၆) ကျွန်တော်သည် "အလ္လာဟုအက္ကဗရ်"ဟုဆိုပြီး ဦးညွှတ်ပါသည်။ ဦးညွှတ်ရာတွင် ကျွန်တော်၏ ကျောကုန်းကို တပြေးတည်းထားပြီး လက်နှစ်ဘက်ကို လက်ချောင်းလေးများ ချဲကာ မိမိ၏ဒူးပေါ်တွင် ထားရှိပါသည်။ ထို့နောက် ကျွန်တော်သည် ဦးညွှတ်နေစဉ် "စွဗ်ဟာနရဗ္ဗိယလ်အဇွီးမ်" (ကျွန်တော်မျိုးသည် မိမိ၏ ကြီးကျယ်မြင့်မြတ်လှသောအရှင်မြတ်၏ သန့်ရှင်းစင်ကြယ်ကြောင်းကို့မြွက်ဟနေပါ၏။) ဟုရွတ်ဆိုပါသည်။

အဆင့်(၇) ကျွန်တော်သည် ရုကူအ် ဦးညွှတ်ရာမှ ပြန်ရပ်သည့်အခါ "စမိအလ္လာဟု လိမန်ဟမိဒဟ်" (ချီးမွမ်းထောမနာပြုသူ၏ ချီးမွမ်းခြင်းကိုအလ္လာဟ်အရှင်မြတ်သခင်မှ လက်ခံတော်မူပါ။) ဟုရွတ်ဆိုပြီး မိမိ၏လက်နှစ်ဖက်ကို ပုခုံးနှစ်ဖက်နှင့်အညီ မြှောက်ပါသည်။ ကျွန်တော်၏ ခန္ဓာကိုယ်အား တည့်မတ်စွာ ရပ်ပြီးသည့်အခါ "ရဗ္ဗနာလကလ်ဟမ်ဒ်" (အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ချီးမွမ်းထောမနာခြင်းအပေါင်းတို့သည် အသင်အရှင်မြတ်အဖို့သာလျှင်ဖြစ်ပါ၏။) ဟုရွတ်ဆိုပါသည်။

အဆင့်(၈) ကျွန်တော်သည် "အလ္လာဟုအက္ကဗရ်"ဟုရွတ်ဆို၍ မိမိလက်နှစ်ဘက်၊ ဒူးနှစ်ဘက်၊ နဖူးနှင့် နှာခေါင်းတို့ဖြင့် စဂ်ျဒဟ်ဦးချပါသည်။ကျွန်တော်သည် စဂ်ျဒဟ်ဦးချရာ၌ "စွဗ်ဟာနရဗ္ဗိယလ်အအ်လာ"(ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အမြင့်မားဆုံးသောအရှင်မြတ်ဖြစ်တော်မူပြီး ချို့တဲ့ခြင်းအပေါင်းမှ ကင်းစင်တော်မူပါသည်ဟု ကျွန်တော်မျိုး မြွက်ဟနေပါသည်။) ဟုရွတ်ဆိုပါသည်။

အဆင့်(၉) "အလ္လာဟုအက္ကဗရ်" ရွတ်ဆို၍ ဦးချရာမှပြန်ထပြီး ကျောပြင်ကိုတည့်မတ်စွာထား၍ ဘယ်ဘက်ခြေထောက်(ခြေဆစ်မှခြေဖျားထိ)အပေါ်ထိုင်လျက် ညာဘက်ခြေထောက်ကိုထောင်ထားပါသည်။ ၎င်းနောက် "ရဗ်ဗိဂ်ဖိရ်လီ" (အို ကျွန်တော်မျိုး၏အရှင်မြတ် ကျွန်တော်မျိုး၏ အပြစ်များကို ခွင့်လွတ်တော်မူပါ) ဟုရွတ်ဆိုပါသည်။

အဆင့်(၁၀) "အလ္လာဟုအက္ကဗရ်" ဆို၍ ပထမအကြိမ်စဂျ်ဒဟ်ပြုသကဲ့သို့ နောက်တစ်ကြိမ် စဂ်ျဒဟ်ဦးချပါသည်။

အဆင့်(၁၁) ဦးချရာမှ "အလ္လာဟုအက္ကဗရ်" ဆိုလျက် ပြန်ထပြီး တည့်မတ်စွာရပ်လိုက်ပါသည်။ ထို့နောက် ကျွန်တော်သည် ဆွလာသ်၏ ကျန်ရှိသည့် ရကအသ်များအားလုံးကို ပထမ ရကအသ် အတိုင်းပင် ဆောင်ရွက်ပါသည်။

ဇုဟ်ရ်၊ အဆ်ွရ်၊ မဂ်ရိဗ် နှင့် အိရှာအ် ဆွလာသ်တို့တွင် ဒုတိယရကအသ် ပြီးနောက် ပထမသရှဟ္ဟုဒ် ဖတ်ရန်အတွက် ထိုင်လိုက်ပါသည်။ သရှဟ္ဟုဒ်မှာ - "အသ်သဟိယ္ယာသုလိလ္လာဟိ ဝတ်ဆ်ဆွလဝါးသု ဝသ်သွိုင်ယိဘားသု အတ်စ်စလာမုအလိုင်းက အိုက်ယုဟန်နဘိယ္ယုဝရဟ်မသုလ်လာဟိ ဝဗရကားသုဟူ အတ်စ်စလားမုအလိုင်းနာ ဝအလာ အိဗာဒိလ္လာဟိဆ်ဆွာလိဟီးန် အရှ်ဟဒုအန်လာအိလားဟအိလ်လလ္လာဟု ဝအရှ်ဟဒုအန်နမုဟမ္မဒန် အဗ်ဒုဟူဝရစူလုဟ်" နှုတ်မှရွတ်ဆိုရသော ချီးမွမ်းခြင်းများသည်လည်းကောင်း၊ ကိုယ်ခန္ဓာဖြင့်ပြုသော ခဝပ်မှုများသည်လည်းကောင်း၊သန့်စင်သော စိတ်စေတနာနှင့်ပြုသော ကောင်းမှုများသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အဖို့သာလျှင် ဖြစ်တော်မူပါ၏။ ငြိမ်းချမ်းသာယာခြင်းအပေါင်းနှင့် အရှင်မြတ်၏ ရဟ်မသ်ကရုဏာတော်အပေါင်းသည်လည်းကောင်း၊ ထိုအရှင်မြတ်၏ ဗရ်ကသ်ချီးမြှင့်ခြင်းများသည်လည်းကောင်း၊ နဗီတမန်တော်မြတ်(ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)အပေါ်သို့ သက်ရောက်ပါစေ။ ထိုငြိမ်းချမ်းသာယာခြင်းအပေါင်းသည် ကျွန်တော်မျိုးတို့အပေါ်လည်း သက်ရောက်ပါစေ။ အရှင်မြတ်၏ ကျွန်များဖြစ်သော သူတော်စင်သူတော်ကောင်းတို့အပေါ်လည်း သက်ရောက်ပါစေ။ ကျွန်တော်မျိုးသည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ထိုက်သောအရှင် မရှိကြောင်း သက်သေခံပါ၏။ မုဟမ္မဒ်(ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အရှင်မြတ်၏ အစေတော်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်း ကျွန်တော်မျိုး သက်သေခံပါသည်။ ထိုသို့ရွတ်ဆိုပြီးနောက် ကျွန်တော်သည် တတိယ ရကအသ်အတွက် ပြန်ရပ်ပါသည်။ ဆွလာသ်တိုင်းတွင် နောက်ဆုံးရကအသ်ပြီးတိုင်းကျွန်တော်သည် နောက်ဆုံး သရှဟ္ဟုဒ်ဖတ်ရန်အတွက် ထိုင်ပါသည်။ နောက်ဆုံးသရှဟ္ဟုဒ်မှာ - "အသ်သဟိယ္ယာသုလိလ္လာဟိ ဝတ်ဆ်ဆွလဝါးသု ဝသ်သွိုင်ယိဘားသု အတ်စ်စလာမုအလိုင်းက အိုက်ယုဟန်နဘိယ္ယုဝရဟ်မသုလ်လာဟိ ဝဗရကားသုဟူ အတ်စ်စလားမုအလိုင်းနာ ဝအလာ အိဗာဒိလ္လာဟိဆ်ဆွာလိဟီးန် အရှ်ဟဒုအန်လာအိလားဟအိလ်လလ္လာဟု ဝအရှ်ဟဒုအန်နမုဟမ္မဒန် အဗ်ဒုဟူဝရစူလုဟ်" နှုတ်မှရွတ်ဆိုရသော ချီးမွမ်းခြင်းများသည်လည်းကောင်း၊ ကိုယ်ခန္ဓာဖြင့်ပြုသော ခဝပ်မှုများသည်လည်းကောင်း၊သန့်စင်သော စိတ်စေတနာနှင့်ပြုသော ကောင်းမှုများသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အဖို့သာလျှင် ဖြစ်တော်မူပါ၏။ ငြိမ်းချမ်းသာယာခြင်းအပေါင်းနှင့် အရှင်မြတ်၏ ရဟ်မသ်ကရုဏာတော်အပေါင်းသည်လည်းကောင်း၊ ထိုအရှင်မြတ်၏ ဗရ်ကသ်ချီးမြှင့်ခြင်းများသည်လည်းကောင်း၊ နဗီတမန်တော်မြတ်(ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)အပေါ်သို့ သက်ရောက်ပါစေ။ ထိုငြိမ်းချမ်းသာယာခြင်းအပေါင်းသည် ကျွန်တော်မျိုးတို့အပေါ်လည်း သက်ရောက်ပါစေ။ အရှင်မြတ်၏ ကျွန်များဖြစ်သော သူတော်စင်သူတော်ကောင်းတို့အပေါ်လည်း သက်ရောက်ပါစေ။ ကျွန်တော်မျိုးသည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ထိုက်သောအရှင် မရှိကြောင်း သက်သေခံပါ၏။ မုဟမ္မဒ်(ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အရှင်မြတ်၏ အစေတော်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်း ကျွန်တော်မျိုး သက်သေခံပါသည်။ "အလ္လာဟုမ္မဆွလ္လိ အလာမုဟမ္မဒ် ဝအလာအားလိမုဟမ္မဒ် ကမာဆွလ်လိုင်းသ အလာအိဗ်ရာဟီးမ် ဝအလာအားလိအိဗ်ရာဟီးမ် အင်န်နကဟမီးဒုမ်မဂျီးဒ်၊ အလ္လာဟုမ္မဗာရိက် အလာမုဟမ္မဒ် ဝအလာအားလိမုဟမ္မဒ် ကမာဗားရက်သ အလာအိဗ်ရာဟီးမ် ဝအလာအားလိအိဗ်ရာဟီးမ် အင်န်နကဟမီးဒုမ်မဂျီးဒ်" အို - အလ္လာဟ်အရှင်မြတ်၊ မုဟမ္မဒ်နှင့်မုဟမ္မဒ်၏သားမြေး၊ နောက်လိုက်များအပေါ်သို့ ရဟ်မသ်ကရုဏာတော်အပေါင်း ခညောင်းစေတော်မူပါ။ အမှန်တကယ် အသင်အရှင်မြတ်သည် အိဗ်ရာဟီးမ်နှင့် အိဗ်ရာဟီးမ်၏ သား၊ မြေး၊ နောက်လိုက်များအပေါ်သို့ ရဟ်မသ်ကရုဏာတော်အပေါင်း ခညောင်းစေတော်မူခဲ့၏။ ဧကန်စင်စစ် အသင် အရှင်မြတ်သည် ချီးမွမ်းထောမနာခြင်းအပေါင်းကို ခံထိုက်တော်မူသောခပ်သိမ်းကုန်သော ဂုဏ်တော်အပေါင်းနှင့် ပြည့်စုံတော်မူသောအရှင်ဖြစ်တော်မူ၏။ အို - အလ္လာဟ်အရှင်မြတ် မုဟမ္မဒ်နှင့် မုဟမ္မဒ်၏သားမြေးများ၊ နောက်လိုက်များအပေါ်သို့ ဗရ်ကသ်ကောင်းချီးမင်္ဂလာအပေါင်း ခညောင်းစေတော်မူပါ။ အမှန်စင်စစ် အသင်အရှင်မြတ်သည် အိဗ်ရာဟီးမ်နှင့် အိဗ်ရာဟီးမ်၏ သား၊ မြေးများ၊ နောက်လိုက်များ အပေါ်သို့ ဗရ်ကသ် ကောင်းချီးမင်္ဂလာအပေါင်း ခညောင်းစေတော်မူခဲ့၏။ ဧကန်စင်စစ် အသင်အရှင်မြတ်သည် ချီးမွမ်းထောမနာခြင်း အပေါင်းကိုခံထိုက်တော်မူသောအရှင်နှင့် ခပ်သိမ်းကုန်သော ဂုဏ်တော်အပေါင်းနှင့်လည်း ပြည့်စုံတော်မူသော အရှင်ဖြစ်တော်မူပါ၏။

အဆင့်(၁၂) ထို့နောက် ဆွလာသ်မှထွက်ရန်အတွက် ရည်ရွယ်ကာ ကျွန်တော်၏ ညာဘက်သို့လှည့်၍ "အတ်စ်စလာမုအလိုင်းကွမ်ဝရဟ်မသုလ္လာဟ်" (အလ္လာဟ်အရှင်မြတ်၏ထံတော်ပါးမှ ငြိမ်းချမ်းသာယာမှုအပေါင်းနှင့် ရဟ်မသ်ကရုဏာတော်အပေါင်း အသင့်တို့အပေါ် ကျရောက်ပါစေ။) ဟုရွတ်ဆိုပြီး စလာမ်လှည့်ပါသည်။ ၎င်းနောက် ကျွန်တော်၏ဘယ်ဘက်သို့လှည့်၍ "အတ်စ်စလာမုအလိုင်းကွမ်ဝရဟ်မသုလ္လာဟ်" (အလ္လာဟ်အရှင်မြတ်၏ထံတော်ပါးမှ ငြိမ်းချမ်းသာယာမှုအပေါင်းနှင့် ရဟ်မသ်ကရုဏာတော်အပေါင်း အသင့်တို့အပေါ် ကျရောက်ပါစေ။) ဟုရွတ်ဆိုပြီး စလာမ်လှည့်ပါသည်။ ဤသို့ဖြင့်ကျွန်တော်သည် ဆွလာသ် ဆောက်တည်ခဲ့ပြီးဖြစ်သည်။

မွတ်စ်လင်မ် အမျိုးသမီးတစ်ဦး ဝတ်ဆင်ရမည့်ဟိဂျာဗ်။

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - (အို - နဗီတမန်တော်၊ အသင်သည် မိမိ၏ ကြင်ရာတော်များအားလည်းကောင်း၊ မိမိ၏သမီးတော်များအားလည်းကောင်း၊ "မုအ်မင်န်" သက်ဝင်ယုံကြည် သူတို့၏ ဇနီးမိန်းမများအားလည်းကောင်း၊ "ထိုသူတို့သည် မိမိတို့၏အပေါ်ရုံ (စောင်/ခြုံထည်)များကို မိမိတို့အပေါ်၌ အနည်းငယ် ဆွဲချ/တွဲလဲချ ထားကြရမည်" ဟု ပြောကြားပါလေ။ ဤသည် ၎င်းတို့အား ခွဲခြားမှတ်မိရန် ပိုမို၍ နီးစပ်၏။ သို့ဖြစ်ပေရာ ၎င်းတို့သည် နှောင့်ယှက်ခြင်းခံကြရမည် မဟုတ်ပေ။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသော၊ အလွန်သနား ကြင်နာညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူသည်။) စူရဟ် အဟ်ဇာဗ် - (၃၃:၅၉) အလ္လာဟ်အရှင်မြတ်သည် မွတ်စ်လင်မ်အမျိုးသမီးအပေါ်တွင် ဟိဂျာဗ်ဝတ်ဆင်ရန်နှင့် မိမိဒေသတွင်ဝတ်ဆင်လေ့ရှိသော အဝတ်စားကိုဝတ်ဆင်၍ မိမိ၏ ဖုံးအုပ်ရမည့်အစိတ်အပိုင်းများနှင့် ခန္ဓာကိုယ်တစ်ခုလုံးအား မိမိ၏သားချင်းအရင်းအချာမဟုတ်သည့် အမျိုးသားများမှ ဖုံးကွယ်ထားရန် တာဝန်ပေးထားသည်။ ၎င်းပြင် မိမိဝတ်ဆင်ထားသောဟိဂျာဗ်အား မိမိ၏ခင်ပွန်းနှင့် မိမိ၏ "မဟာရင်မ်" တို့၏ရှေ့မှလွဲ၍ အခြားမည်သူ့ရှေ့တွင်မှ ဖေါ်ထားခွင့်မရှိပေ။ "မဟာရင်မ်" ဟူသည် မွတ်စ်လင်မ်အမျိုးသမီးတစ်ဦး မည်သည့်အခါမျှ လက်ထပ်ပိုင်ခွင့်မရှိသော အမျိုးသားများကို ခေါ်ဆိုသည်။ ၎င်းတို့မှာ - ဖခင်နှင့် ဖခင်ဘက်မှ အထက်အဆက်များ၊ သားနှင့် သားဘက်မှ အောက်ဆက်များ၊ ဘကြီး၊ဘထွေးများ၊ ဦးရီး၊ဦးလေးများ၊ အကို၊မောင်နှင့် အကို မောင် တို့၏သားများ၊ အမ ညီမ၏ သားများ၊ မိခင်၏ခင်ပွန်း၊ ခင်ပွန်း၏ဖခင်နှင့် ခင်ပွန်း၏ဖခင်ဘက်မှ အထက်အဆက်များ၊ ခင်ပွန်း၏သားနှင့် ခင်ပွန်း၏သားဘက်မှ အောက်ဆက်များ၊ နို့စို့ဘက် အကို မောင်၊ နို့တိုက် ကျွေးဖူးသောနို့ထိန်းသည်၏ ခင်ပွန်းတို့ဖြစ်သည်။ သွေးသားတော်စပ်မှုကြောင့် ဟရာမ် ဖြစ်သည့် တော်စပ်မှုတိုင်းသည် နို့တိုက်ကျွေးခြင်းကြောင့်လည်း ဟရာမ်ဖြစ်သည်။

မွတ်စ်လင်မ် အမျိုးသမီးတစ်ဦး ဟိဂျာဗ်ဝတ်ဆင်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ -

ပထမအချက် - ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးအုပ်ရမည်။

ဒုတိယအချက် - အမျိုးသမီးများ အလှဆင်သော ရည်ရွယ်ချက်ဖြင့် ဝတ်ဆင်သော အဝတ်စားမျိုး မဖြစ်ရ။

တတိယအချက် - ခန္ဓာကိုယ် ပေါ်လွင်လောက်အောင် ပါးလွှာမှုမရှိစေရ။

စတုတ္ထအချက် - ခန္ဓာကိုယ်၏ အချိုးအစားကိုဖော်ပြနေသည့် ကျပ်သော အဝတ်အစားမဟုတ်ဘဲ ချောင်ရမည်။

ပဉ္စမအချက် - ရေမွှေး မဆွတ်ရ။

ဆဌမအချက် - အမျိုးသား အဝတ်အစားနှင့် တူဆင်ခြင်း မရှိစေရ။

သတ္တမအချက် - ဘာသာခြား အမျိုးသမီးများက ၎င်းတို့ ခဝပ်ကိုးကွယ်မှုပြုရာတွင်လည်းကောင်း သို့မဟုတ် ၎င်းတို့ ပွဲတော်များတွင်လည်းကောင်း ဝတ်ဆင်သော အဝတ်အစားများနှင့် တူဆင်ခြင်း မရှိစေရ။

မုအ်မင်န်၏ ဂုဏ်ရည်အချို့။

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - (အကြင်သူတို့သည်သာလျှင် "မုအ်မင်န်" သက်ဝင်ယုံကြည်သူ (အစစ်အမှန်များ) ဖြစ်ကြကုန်၏။ (၎င်းတို့ရှေ့ဝယ်) အလ္လာဟ်အရှင်မြတ်အားသတိရခဲ့လျှင်၊ ၎င်းတို့၏စိတ်နှလုံးများသည် ထိတ်လန့်သွားကြကုန်၏။ ထို့ပြင်အကယ်၍ ၎င်းတို့ရှေ့၌ ထိုအရှင်မြတ်၏အာယတ်တော်များကို ဖတ်ကြားခဲ့ပါမူ၊ ထိုအာယတ်တော်များသည် ၎င်းတို့၏ "အီမာန်" သက်ဝင်ယုံကြည်မှုကို တိုးပွားခိုင်မြဲစေကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည် (မိမိတို့၏ကိစ္စအဝဝ၌) မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အပေါ်၌ပင် ယုံကြည်စိတ်ချလွှဲအပ်ကြကုန်သတည်း။) စူရဟ် အန်ဖာလ် - (၈:၂)

စကားပြောရာတွင် အမှန်ကိုသာပြောဆိုသည်။ မုသားမဆိုပေ။

သဘောတူညီချက်နှင့် ကတိကဝတ်တို့ကိုအပြည့်အဝ အကောင်ထည်ဖော်သည်။

အချင်းများသည့်အခါ မရိုင်းစိုင်းပေ။

အပ်နှံထားသည့်အရာအပေါ် သစ္စာရှိသည်။

မိမိအတွက် နှစ်သက်သည့်အရာကို မိမိညီနောင်မွတ်စ်လင်မ်အတွက်လည်း နှစ်သက်သည်။

ရက်ရောသူဖြစ်သည်။

လူတို့အား ကောင်းကျိုးပြုသည်။

ဆွေမျိုးအဆက်သွယ်ထားသည်။

အလ္လာဟ်အရှင်မြတ်၏ သက္ကဒီရ် သတ်မှတ်ချက်ကို သဘောတူနှစ်မြို့သည်။ ၎င်းပြင် ချောင်လည်သောအခါ၌ အရှင်မြတ်အားကျေးဇူးတင်ပြီး ဘေးဒုက္ခဆိုက်ရောက်သည့်အခါ သည်းခံသည်။

အရှက်သိက္ခာ ရှိသည်။

အဖန်ဆင်းခံတို့အား သနားကြင်နာသည်။

သူ၏နှလုံးသားသည် ရန်ငြိုးထားမှုများမှ ကင်းရှင်းပြီး၊ သူ၏ခန္ဓာကိုယ် အစိတ်ပိုင်းတို့သည် သူတစ်ပါးအား ရန်မူခြင်းမှ ကင်းဝေးသည်။

လူတို့အား ခွင့်လွှတ်သည်။

အတိုးစားခြင်း၊ အတိုးနှင့်အပေးအယူလုပ်ခြင်းတို့ကို မပြုလုပ်ပေ။

တရားမဝင် ကာမကျူးလွန်ခြင်းမရှိပေ။

အရက်သေစာ မသောက်စားပေ။

မိမိ၏အိမ်နီးချင်းကို ကောင်းမွန်စွာ ဆက်ဆံသည်။

မတရားပြုခြင်း၊ လိမ်လည်လှည့်ဖြားခြင်း တို့ကိုမပြုလုပ်ပေ။

ခိုးခြင်း၊ လှည့်စားခြင်းတို့ကို မပြုလုပ်ပေ။

မိဘနှစ်ပါးသည် မွတ်စ်လင်မ် မဟုတ်လျှင်လည်း ၎င်းတို့အား ကောင်းမွန်စွာပြုစုဆက်ဆံပြီး ကောင်းသောကိစ္စရပ်တိုင်း၌ ၎င်းတို့၏အမိန့်ကိုနာခံသည်။

မိမိသား၊သမီးများကို အကျင့်စာရိတ္တကောင်းများ သင်ကြားပေးသည်။ ၎င်းတို့အား ဘာသာရေးတာဝန်များကို လိုက်နာရန် သွန်သင်ဆုံးမပြီး မကောင်းသော အကျင့်စာရိတ္တများနှင့် မပြုပိုင်သောအရာများမှ တားမြစ်သည်။

မုအ်မင်န်သည် ဘာသာခြားတို့၏ သီးသန့် ဘာသာရေးကိစ္စများနှင့် ၎င်းတို့၏ သီးခြားအထိမ်းအမှတ်လက္ခဏာများဖြစ်သည့် ဓလေ့ထုံးတမ်းများကို တုပဆောင်ရွက်ခြင်းမရှိပေ။

ကျွန်တော်၏ပျော်ရွှင်မှုသည် ကျွန်တော်၏သာသနာ "အစ္စလာမ်" ၌ရှိသည်။

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - (မည်သူမဆို ယောကျ်ားဖြစ်စေ၊ မိန်းမဖြစ်စေ (မုအ်မင်န် အဖြစ်နှင့်) ကောင်းမြတ်သော အကျင့်သီလကို ကျင့်မူဆောက်တည်ခဲ့သော်၊ ၎င်းပြင် ထိုသူသည် မုအ်မင်န် သက်ဝင်ယုံကြည်သူ (လည်း)ဖြစ်ခဲ့သော် မလွဲဧကန် ငါအရှင်မြတ်သည် ထိုသူ့အား သန့်ရှင်း စင်ကြယ်သော အသက်ရှင်ခြင်းမျိုးဖြင့် အသက်ရှင်စေတော်မူပေမည်။ ထိုမှတစ်ပါး မုချစင်စစ် ငါအရှင်မြတ်သည် ထိုသူတို့အား ၎င်းတို့၏ အကျိုးကို ၎င်းတို့ကျင့်မူ ဆောက်တည်လျက် ရှိခဲ့ကြကုန်သော ကောင်းမြတ်သော အကျင့်သီလနှင့် လျော်ညီစွာ ပေးဆပ်တော်မူပေမည်။ တစ်နည်း - ၎င်းတို့ကျင့်မူခဲ့ကြသော အကျင့်သီလများထက် ပိုမိုကောင်းမြတ်သော ကုသိုလ်အကျိုးကို ချီးမြှင့်တော်မူမည်ဖြစ်သည်။) စူရဟ် နဟ်လ် - (၁၆:၉၇) မွတ်စ်လင်မ်၏ စိတ်နှလုံး၌ ဝမ်းမြောက်ပျော်ရွှင်မှုကို ဖြစ်စေသောကြီးကျယ်လှသည့် အရာများအနက် တစ်ချက်မှာ ၎င်းသည် သူ၏အရှင်သခင်အား သက်ရှိထင်ရှားရှိနေသူများ၊ ကွယ်လွန်သူများနှင့် ရုပ်တုများ ကြားခံမပါရှိဘဲ တိုက်ရိုက် ဆက်သွယ်နိုင်ခြင်းဖြစ်သည်။ ကြီးကျယ် မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်က မိမိ၏ကျမ်းတော်မြတ်၌ မိမိသည် မိမိ၏ကျွန်များနှင့် အမြဲနီးကပ်စွာရှိနေတော်မူပြီး ၎င်းတို့၏ဟစ်ခေါ်မှုကို ကြားတော်မူပြီး ၎င်းတို့၏ဆုမွန်ဒုအာကို လက်ခံတော်မူကြောင်း တင်ပြထားသည်။ အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်မှာ - (ထို့ပြင်တစ်ဝ [အို-နဗီတမန်တော်] ငါအရှင်မြတ်၏ကျွန်များသည် ငါအရှင်မြတ်နှင့် ပတ်သက်၍ အသင့်ထံ မေးမြန်းကြသောအခါဝယ် (အသင်သည် ဤကဲ့သို့ ဖြေကြားပါလေ) မုချဧကန် ငါအရှင်မြတ်သည် (ယင်းသူတို့နှင့်) နီးကပ်စွာပင် ရှိတော်မူ၏။ ငါအရှင်သည် ဆုတောင်းပတ္ထနာ ပြုသူ၏ ဆုတောင်းပတ္ထနာပြုချက်ကို သဘောတူ လက်ခံတော်မူ၏။ သို့ဖြစ်လေရာ ယင်းသူတို့သည် ငါအရှင်မြတ်၏ အမိန့်တော်များကို လက်ခံနာယူ၍ ငါအရှင်မြတ်ကိုသာ ယုံကြည်မြတ်နိုးကြရမည်။ သို့မှသာလျှင် ယင်းသူတို့သည် ဖြောင့်မတ်မှန်ကန်သော တရားလမ်းကို ရရှိကြသူများဖြစ်တန်ရာ၏။) စူရဟ် ဗကရဟ် - (၂:၁၈၆) ချို့ယွင်းမှုအပေါင်းမှ ကင်းစင်တော်မူသောအလ္လာဟ်အရှင်မြတ်သည် ကျွန်တော်တို့အား အရှင်မြတ်ထံတောင်းခံကြရန် အမိန့်ပေးထားပြီး ဒုအာ တောင်းခံခြင်းအား မွတ်စ်လင်မ်တို့အတွက် မိမိ၏ အရှင်မြတ်နှင့် နီးကပ်မှုရယူနိုင်မည့် ကြီးကျယ်လှသည့် အိဗာဒသ် ခဝပ်ကိုးကွယ်မှုတစ်ခုအဖြစ် ပြုလုပ်ပေးထားသည်။ အနန္တတန်ခိုးတော်ရှင် အလ္လာဟ်အရှင်မြတ်ကအမိန့်ရှိထားသည်မှာ - (ထို့ပြင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် (ဤသို့)မိန့်ကြားတော်မူခဲ့၏။ အသင်တို့သည် ငါအရှင်မြတ်ထံတော်တွင် ဆုတောင်း ပတ္ထနာပြုကြလေကုန်။ ငါအရှင်မြတ်သည် အသင်တို့၏ ဆုတောင်းပတ္ထနာပြုချက်ကို လက်ခံတော်မူမည်။) စူရဟ် ဂါဖိရ် - (၄၀:၆၀) မွတ်စ်လင်မ်ကောင်းတစ်ဦးသည် မိမိ၏အရှင်မြတ်အား အစဥ်အမြဲလိုအပ်နေပြီး အရှင်မြတ်ထံပါးတွင် အမြဲဆုတောင်းပတ္ထနာပြုကာ ကောင်းမြတ်သည့် အိဗာဒသ် ခဝပ်ကိုးကွယ်မှုများဖြင့် အရှင်မြတ်နှင့် နီးကပ်မှုရယူနေရမည်။

အလ္လာဟ်အရှင်မြတ်သည် ကြီးကျယ်လှသည့် (ဟိက်မသ်)အမြော်အမြင်ဖြင့် ကျွန်တော်တို့အား ဤလောက၌ ဖန်ဆင်းထားခြင်းဖြစ်ပြီး အချည်းနှီးဖန်ဆင်းခဲ့ခြင်း မဟုတ်ပေ။ ထိုဟိက်မသ်တော်မှာ တစ်ပါးတည်း တည်ရှိတော်မူသော၊ ဖက်စပ်ယှဥ်တွဲမှုကင်းတော်မူသော အလ္လာဟ်အရှင်မြတ်အား ခဝပ်ကိုးကွယ်ရန်ပင်ဖြစ်သည်။ ၎င်းပြင် အရှင်မြတ်သည် ကျွန်တော်တို့ ဘဝ၏ ပုဂ္ဂလိကအရေးကိစ္စနှင့် အများနှင့် သက်ဆိုင်သောအရေးကိစ္စ အလုံးစုံအား စီမံပေးထားသည့် ပြီးပြည့်စုံသော အရှင်မြတ်၏သာသနာတော်ကို ကျွန်တော်တို့အပေါ် ပြဌာန်းတော်မူခဲ့သည်။ ထို့ပြင် ဘဝလိုအပ်ချက်များဖြစ်သည့် ကျွန်တော်တို့၏ သာသနာ၊ အသက်ဝိညာဥ်များ၊ ဂုဏ်သိက္ခာများ၊ အသိဉာဏ်များနှင့် ဥစ္စာပစ္စည်းများကို ဤတရားမျှတသော ရှရီအသ်လမ်းစဉ်ဖြင့် ထိန်းသိမ်းစောင့်ရှောက်ထားသည်။မည်သူမဆို ရှရီအသ်တရားတော်၏ အမိန့်တော်များကို လိုက်နာကျင့်သုံးပြီး တားမြစ်ချက်များကို ရှောင်ကြဉ်ကာ ဘဝသက်တမ်းမွေးမြူပါက အမှန်ပင် ထိုသူသည် ဘဝလိုအပ်ချက်များကို ထိန်းသိမ်းစောင့်ရှောက်လိုက်ခြင်းဖြစ်ပြီး ဘဝ၌ ပျော်ရွှင်ချမ်းမြေ့စွာနေရမည်မှာ သံသယမရှိပေ။

မွတ်စ်လင်မ်တစ်ဦး ၎င်း၏အရှင်မြတ်နှင့်နက်ရှိုင်းစွာ ဆက်သွယ်မှုရှိနေခြင်းသည် စိတ်အေးချမ်းမှု၊ သာယာချမ်းမြေ့မှု၊ စိတ်တည်ငြိမ်မှု၊ လုံခြုံမှုနှင့် ပျော်ရွှင်မှုစသည့်ခံစားချက်များကိုဆောင်ကြဉ်းပေးပြီး အရှင်မြတ်သည် မိမိနှင့်အတူရှိခြင်း၊ အရှင်မြတ်၏ ဂရုစိုက်ခြင်း၊ မုအ်မင်န်အပေါ်အရှင်မြတ်၏ တာဝန်ယူထားခြင်း စသည်တို့ကိုလည်း ခံစားရစေသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူထားသည်မှာ - (အလ္လာဟ်အရှင်မြတ်သည် ယုံကြည်ခြင်း သဒ္ဓါတရားထားရှိသူ အပေါင်းတို့ကို (အထူး ကြည့်ရှုစောင်မတော်မူသော)အဆွေခင်ပွန်းပင်တည်း။ ထိုအရှင်မြတ်သည် ယင်းယုံကြည်သူအပေါင်းတို့ကို ("ကုဖ်ရ်" တည်းဟူသော) အမိုက်မှောင်များအတွင်းမှ (အစ္စလာမ်တည်းဟူသော) အလင်းရောင်သို့ထုတ်ယူ ပို့ဆောင်တော်မူလေသည်။) စူရဟ် ဗကရဟ် - (၂း၂၅၇)

ဤကြီးကျယ်လှသော ဆက်သွယ်မှုသည် ဝိညာဉ်ပိုင်းဆိုင်ရာ အခြေနေတစ်ခုဖြစ်ပြီး ၎င်းသည် မဟာကရုဏာတော်ရှင်အား ခဝပ်ကိုးကွယ်မှုဖြင့် စိတ်ချမ်းမြေ့စေပြီး အရှင်မြတ်နှင့် တွေ့ဆုံလိုစိတ်ကို ဖြစ်ပေါ်စေသည်။ ထို့ပြင် အီမာန်သက်ဝင်ယုံကြည်မှု၏ ချိုမြိန်မှုခံစားရခြင်းဖြင့် နှလုံးသားထဲ၌ ပျော်ရွှင်မှုကိုဖြစ်ပေါ်စေသည်။

ထိုချိုမြိန်မှု၏အရသာကို ဖော်ပြနိုင်မည် မဟုတ်ဘဲ ၎င်းအား အမိန့်တော်များကို နာခံပြီး မကောင်းမှုများမှ ရှောင်ကြဉ်သူသာလျှင် မြည်းစမ်းရမည်ဖြစ်သည်။ထို့ကြောင့် တမန်တော် မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်တော်မူသည်မှာ - "အလ္လာဟ်အရှင်မြတ်ကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အဖြစ်လည်းကောင်း၊ အစ္စလာမ်ကို သာသနာအဖြစ်လည်းကောင်း၊ မုဟမ္မဒ်ကို ရစူလ် စေတမန်အဖြစ်လည်းကောင်း ကျေနပ်နှစ်သက်သူသည် အီမာန်ယုံကြည်ခြင်း၏ အရသာကို မြည်းစမ်းရမည်ဖြစ်သည်။"

အမှန်တကယ်ပင် လူသားသည် မိမိဖန်ဆင်းရှင်၏ ရှေ့တော်မှောက်၌ အမြဲရှိနေကြောင်း အသိရှိနေလျှင်၊ ထိုအရှင်မြတ်အား အရှင်မြတ်၏လှပသော အမည်နာမတော်များ၊ ဂုဏ်တော်များဖြင့် သိရှိခဲ့လျှင်၊ ထိုအရှင်မြတ်အား မိမိကိုယ်တိုင် မြင်တွေ့နေဘိအလား ခဝပ်ကိုးကွယ်ခဲ့လျှင်၊ မိမိ၏ခဝပ်ကိုးကွယ်မှုကို အလ္လာဟ်အရှင်မြတ်အတွက်သာ သီးသန့်ဖြစ်စေခဲ့လျှင်၊ ထိုခဝပ်ကိုးကွယ်မှုဖြင့် အရှင်မြတ်မှလွဲ၍ အခြားမည်သည်ကိုမျှ မလိုလားခဲ့လျှင် ၎င်းသည် လောက၌ ကောင်းမွန်ပျော်ရွှင်ဖွယ်ကောင်းသော ဘဝဖြင့် နေထိုင်ရမည်ဖြစ်ပြီး နောင်တမလွန်ဘဝ၌လည်း ကောင်းမွန်သောအကျိုးရလဒ်ကို ခံစားရမည်ဖြစ်သည်။

လောက၌ မုအ်မင်န် သက်ဝင်ယုံကြည်သူ တစ်ဦးအပေါ် ကျရောက်သော ဘေးဒုက္ခ အခက်အခဲများ၏ ပူလောင်မှုသည် ယကီးန်ယုံကြည်ချက်၏ အေးမြမှု၊ အလ္လာဟ်အရှင်မြတ်၏ သက္ကဒီးရ် သတ်မှတ်ချက်အား ကျေနပ်နှစ်သက်မှု၊ အရှင်မြတ်၏ အကောင်း၊အဆိုး သတ်မှတ်ချက် အားလုံးအပေါ် အရှင်မြတ်အား ချီးမွမ်းထောမနာပြုပြီး အပြည့်အဝ ကျေနပ်နှစ်သက်မှုရှိခြင်းတို့ကြောင့် ပျောက်ကွယ်သွားမည် ဖြစ်သည်။

မွတ်စ်လင်မ်တစ်ဦးသည် မိမိ၏ ပျော်ရွှင်မှုနှင့် စိတ်တည်ငြိမ်အေးချမ်းမှုတို့ တိုးပွါးလာစေရန်အတွက် အမြဲဆောင်ရွက်သင့်သည့် အရာများအနက်အချို့မှာ အလ္လာဟ်အရှင်မြတ်အား မြောက်မြားစွာသတိရတသခြင်းနှင့် ကုရ်အာန်ကျမ်းမြတ်အား ရွတ်ဖတ်သရဇ္ဈာယ်ခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ - (အကြင်သူတို့သည် သက်ဝင်ယုံကြည်ခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့၏ စိတ်နှလုံးများသည် အလ္လာဟ်အရှင်မြတ်အား အောက်မေ့တသခြင်းဖြင့် ငြိမ်းအေးကြည်နူး၍သွားလေသည်။ ကောင်းစွာ မှတ်ယူကြလေကုန်၊ အလ္လာဟ်အရှင်မြတ်အား အောက်မေ့တသခြင်းဖြင့် စိတ်နှလုံးများသည် ငြိမ်းအေးကြည်နူး၍ သွားသည်ချည်းသာတည်း။) စူရဟ် ရအဒ် - (၁၃:၂၈) မွတ်စ်လင်မ်တစ်ဦးသည် အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်းနှင့် ကုရ်အာန်ကျမ်းမြတ် ရွတ်ဖတ်ခြင်းတို့အား ပို၍ဆောင်ရွက်လာသည်နှင့်အမျှ အလ္လာဟ်အရှင်မြတ်နှင့် ဆက်သွယ်မှုသည်လည်း ပို၍ခိုင်မာလာမည်ဖြစ်သည်။ ထို့ပြင် သူ၏စိတ်နှလုံးသားသည် သန့်စင်လာပြီး၊ သူ၏အီမာန် ယုံကြည်မှုသည်လည်း အားကောင်းလာမည်ဖြစ်သည်။ ထိုကြောင့်ပင် မွတ်စ်လင်မ်တစ်ဦးသည် အလ္လာဟ်အရှင်မြတ်အား ခိုင်မာသည့် အသိပညာ အထောက်အထားတို့ဖြင့် ခဝပ်ကိုးကွယ်နိုင်ရန်အတွက် မိမိ၏သာသနာ့ကိစ္စရပ်များကို မှန်ကန်စိတ်ချရသော အရင်းအမြစ်များမှ သင်ယူရန် ဆန္ဒထားရမည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ - "ပညာရှာဖွေဆည်းပူးခြင်းသည် မွတ်စ်လင်မ်တိုင်းအပေါ်တွင် (ဖရ်ဿ်ွ) မပြုမနေရ တာဝန်ဖြစ်သည်။" ထို့ပြင် ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များတွင်ရှိသော (ဟိက်မသ်)အမြော်အမြင်များကို နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ ကျိုးနွံစွာ နာခံလိုက်နာသူဖြစ်ရမည်။ အလ္လာဟ်အရှင်မြတ်က မိမိ၏ကျမ်းတော်တွင် မိန့်တော်မူထားသည်မှာ - (မည်သည့် "မုအ်မင်န်" သက်ဝင်ယုံကြည်သူ ယောကျ်ားတစ်ဦးဦး၌ဖြစ်စေ၊ မည်သည့် သက်ဝင် ယုံကြည်သူ မိန်းမတစ်ဦးတစ်ယောက်၌ဖြစ်စေ၊ အရေးကိစ္စ တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်သည် လည်းကောင်း၊ အမိန့်ချမှတ်တော်မူလိုက်ပါလျှင် ၎င်းတို့၏(ထို)အရေးကိစ္စနှင့်စပ်လျဉ်း၍ ၎င်းတို့၌ ရွေးချယ်ပိုင်ခွင့်သည် (လုံးဝ)မရှိတော့ပြီ။ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်၏ အမိန့်တော်ကိုလည်းကောင်း၊ ဖီဆန်သည်ရှိသော် ဧကန်မလွဲ ထိုသူသည် ထင်ရှားလှစွာသောလမ်းလွဲခြင်းသို့ ရောက်ရှိခဲ့ချေပြီတကား။) စူရဟ် အဟ်ဇာဗ် - (၃၃:၃၆)

ကျွန်ုပ်တို့၏ နဗီတမန်တော် မုဟမ္မဒ်အပေါ် သို့လည်းကောင်း၊ ကိုယ်တော်၏ အိမ်သူ အိမ်သားများနှင့် သာဝကတော်အားလုံးအပေါ်သို့ လည်းကောင်း အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ငြိမ်းချမ်းသာယာမှုနှင့် ကောင်းချီးမင်္ဂလာအဖြာဖြာ ကျရောက်ပါစေ။

ပြီးပါပြီ။

ခေါင်းစဉ်အညွှန်း

နံပါတ်

ခေါင်းစဉ်

စာမျက်နှာ

မျက်နှာဖုံးသို့ပြန်သွားရန်

ခေါင်းစဉ်အညွှန်းသို့သွားပါ

စာအုပ်နှင့် ပတ်သက်သည့် သင့်အတွေ့အကြုံကိုမျှဝေပါ

ကျေးဇူးပြုပြီး ဝဘ်ဆိုက်ကို ဝင်ကြည့်ပါ

မိုဘိုင်းစာအုပ်

ခေါင်းစဉ်သို့သွားရန်နှိပ်ပါ

အဖုံးသို့ပြန်သွားရန် ပုံပေါ်တွင် ကလစ်နှိပ်ပါ

ဘားကုဒ်ကို စကင်န်ဖတ်ပါ

ပညာပေးတင်ဆက်မှု (PowerPoint)

ဤလုပ်ငန်းစဥ်မှ ထုတ်ဝေထားသောအရာများ

ပုံနှိပ်စာအုပ်

မိုဘိုင်းလ် စာအုပ်

ဝဘ်ဆိုက်

PowerPoint တင်ဆက်မှု

စမတ်ဖုန်းဗားရှင်း

သစ်လွင်မွတ်စ်လင်မ်တို့အတွက် လမ်းညွှန်ချက်အကျဉ်း။

စကားချီး

ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်မှာ အလ္လာဟ်အရှင်မြတ်ဖြစ်၏။

ကျွန်ုပ်၏ နဗီတမန်တော်မှာ မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ဖြစ်၏။

ကုရ်အာန် ကျမ်းမြတ်သည် ကျွန်ုပ်အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မုက္ခပါဌ်တော် ဖြစ်၏။

အစ္စလာမ့်မဏ္ဍိုင်ကြီးများကို ကျွန်တော်သင်ယူနေသည်။

အီမာန်(သက်ဝင်ယုံကြည်မှု)၏ မဏ္ဍိုင်ကြီးများကို ကျွန်တော်သင်ယူနေသည်။

ဝုဿွူ (ရေဖြင့် သန့်ရှင်းစင်ကြယ်မှုပြုခြင်း) အား ကျွန်တော် သင်ယူနေသည်။

သားရေခြေအိတ်နှင့် ခြေစွပ်များပေါ်တွင် (မဆ်ဟ်) ပွတ်သပ်ခြင်း။

(ဂုစ်လ်) ရေချိုးခြင်း -

သယမ္မုမ် (သန့်ပြန့်သောမြေဖြင့် စင်ကြယ်မှုရယူခြင်း)

ဆွလာသ် ဆောက်တည်ခြင်းအား ကျွန်တော်သင်ယူနေသည်။

မွတ်စ်လင်မ် အမျိုးသမီးတစ်ဦး ဝတ်ဆင်ရမည့်ဟိဂျာဗ်။

ကျွန်တော်၏ပျော်ရွှင်မှုသည် ကျွန်တော်၏သာသနာ "အစ္စလာမ်" ၌ရှိသည်။